ဒိုင်ဗင်ထိုးတာကို ပင်နယ်တီပေးတာ ဟာသပဲလို့ ပြောလိုက်တဲ့ နေဂယ်မန်းစ်

လိုက်ပ်ဇစ်နည်းပြ နေဂယ်မန်းစ်ဟာ ပီအက်စ်ဂျီကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ တစ်ဖက်အသင်းကို ပင်နယ်တီပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က ဟာသပဲလို့ပြောဆိုခဲ့ပြီး ဒီမာရီယာကိုလည်း ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

ပင်နယ်တီဧရိယာအတွင်း မာဆယ် ဆာဘစ်ဇာက ဒီမာရီယာအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ယူဆရတာနဲ့အတူ VAR ပြန်ကြည့်ပြီးနောက် ပီအက်စ်ဂျီက ပင်နယ်တီ ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၁၁ မိနစ်မှာပဲ ရခဲ့တဲ့ပင်နယ်တီကို နေမာက ကန်သွင်းခဲ့သလို အဲ့ဒီ့ဂိုးက ပွဲကို အဆုံးအဖြတ် ဖြစ်စေခဲ့ပြီး အဆုံးသတ်မှာ လီဂူးဝမ်းချန်ပီယံတွေက လိုက်ပ်ဇစ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ပီအက်စ်ဂျီဟာ လိုက်ပ်ဇစ်နဲ့ ရမှတ်တူ အဆင့် ၂ ကို တက်သွားခဲ့ပြီး နှစ်သင်းလုံးဟာ ဇယားထိပ်က ယူနိုက်တက်နဲ့ ၃ မှတ်စီ ကွာဟနေတာပါ။ နေဂယ်မန်းစ်ကတော့ အိမ်ရှင်အသင်းရဲ့ ပင်နယ်တီအပေါ် မကျေမနပ်ဖြစ်နေပြီး ဒီဆုံးဖြတ်ချက်က လက်ခံနိုင်စရာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“ပဲရစ်က ပွဲအတွင်းမှာ တကယ့်အခွင့်အရေးရခဲ့တယ်လို့ကျွန်တော်မထင်ပါဘူး။ ပင်နယ်တီက ဟာသပဲ။ ချန်ပီယံလိဂ်အဆင့်မှာဒီလိုဆုံးဖြတ်ချက်က တကယ် ဝမ်းနည်းစရာကောင်းတယ်။ အဲ့ဒါက ဒိုင်ဗင်ထိုးတာပါ။ လုံးဝ ထိတွေ့မှုမရှိခဲ့ဘူး။ VAR က တခြားပွဲက ဟာကိုများ ကြည့်ခဲ့လားမသိဘူး။ တခါတလေ မသိမသာ ကွဲပြားတာလေးက နောက်ဆုံးအဖြေကို ခြားနားသွားစေပါတယ်၊ ကျွန်တော်တို့ တစ်ဂိုးလောက် ပြန်ရဖို့ထိုက်တန်ခဲ့ရက်နဲ့ အခုတော့ ကျွန်တော်တို့ နောက်ဆုံးလက်ကျန် ၂ ပွဲကို မဖြစ်မနေ အနိုင်ယူပြီး ပီအက်စ်ဂျီ ရှုံးအောင် ဆုတောင်းရတော့မှာပဲ”လို့ ပြောကြားခဲ့ပါတယ်။