မက်ဆီက ဘောလုံးလောကထဲက ထွက်ချင်အောင်လုပ်ခဲ့တယ်ဆိုတဲ့ ဘိုတန်

အသက် ၃၃ နှစ်အရွယ်နောက်ခံကစားသမားဟာ ၂၀၁၈-၂၀၁၉ ရာသီ နူးကမ့်မှာ ၆ လအချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်က ဘယ်လောက်တောင်ကောင်းလဲဆိုတာ ရောက်ရောက်ချင်းမှာ မြင်ခဲ့ရတာဖြစ်ပါတယ်။

ကီဗင်ပရင့်စ်ဘိုတန်က ဘာစီလိုနာမှာ နေခဲ့ရတဲ့ကာလအတွင်း လီယွန်နယ်မက်ဆီ ဘယ်လောက်တောင် ကောင်းမွန်လဲဆိုတာကို ပြောကြားခဲ့ပြီး ဘောလုံးသမားဘဝကနေ အပြီးအပိုင်းအနားယူဖို့တောင် တွေးမိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘိုတန်ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ဆက်ဆူအိုလိုအသင်းကနေ အငှားနဲ့ အံ့အားသင့်ဖွယ်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ကစားချိန်နည်းနည်းပဲ ရခဲ့ပေမယ့် ၆ လတာကာလအတွင်း လာလီဂါဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်နောက်ခံကစားသမားဟာ ဖီအိုရင်တီးနားအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး အဲဒီကနေ ဘက်ဆစ်တပ်၊ ယခုရာသီမတိုင်မီ ဘက်ဆစ်တပ်ကနေ စီးရီးဘီအသင်း မွန်ဇာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

“ဘာစီလိုနာမှာရှိခဲ့ရတဲ့ ၆ လက မယုံကြည်နိုင်စရာပါပဲ။ ပထမတုန်းက ကျွန်တော် မယုံကြည်ခဲ့ဘူး။ အက်စ်ပန်ညိုကပဲ ငါ့ကို လိုချင်တာဖြစ်လိမ့်မယ်လို့ တွေးမိခဲ့ပါတယ်။ တကယ့်ဘာစီလိုနာကတော့ လိုချင်မှာမဟုတ်လောက်ဘူးလို့ တွေးမိပါတယ်”

“မက်ဆီနဲ့ လေ့ကျင့်ရေးလုပ်ရတာက ကျွန်တော့်ကို စကားမပြောနိုင်အောင်တောင် ဖြစ်စေခဲ့တယ်။ ကျွန်တော် အမြဲတမ်း ကမ္ဘာပေါ်မှ အကောင်းဆုံးက ခရစ်စတီယာနိုရော်နယ်ဒိုလို့ ပြောခဲ့တယ်။ ဒါပေမယ့် မက်ဆီက တစ်ခုခုတော့ တစ်ခုခုပဲ။ သူက သာမန်မဟုတ်ဘူး”

“သူနဲ့အတူ လေ့ကျင့်နေတဲ့အချိန်မှာ ကျွန်တော့်ကစားသမားဘဝမှာ ပထမဆုံးအချိန် ဘောလုံးကစားရလောက်တဲ့အရည်အချင်းမရှိဘူးလို့ ခံစားခဲ့ရတယ်။ သူက မယုံကြည်နိုင်စရာအရာတွေကို လုပ်နေခဲ့တာပါ။ ကျွန်တော်ကတော့ ‘ငါတော့ တော်ပါပြီ။ ငါ ဘောလုံးကစားတာကို စွန့်လွှတ်တော့မယ်’ဆိုပြီး ခံစားခဲ့ရတယ်”လို့ ပြောကြားခဲ့ပါတယ်။