မာရာဒိုနာအတွက် ရင်တွင်းစကားတွေကို ထုတ်ဖော်ခဲ့တဲ့ မက်ဆီနဲ့ ရော်နယ်ဒို

အာဂျင်တီးနားဂန္တဝင် မာရာဒိုနာဟာ ဗုဒ္ဓဟူးနေ့နံနက် ဒေသစံတော်ချိန် ၁၂ နာရီမှာ ကွယ်လွန်သွားခဲ့ပြီးနောက် ကမ္ဘာတလွှားက ဝမ်းနည်းကြေကွဲကြောင်းကို ဆက်တိုက်ဖော်ပြနေကြပြီး အဲဒီထဲမှာ ဘောလုံးလောကရဲ့ အကြီးမားဆုံးကြယ်ပွင့်ကစားသမား ၂ ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့လည်း ပါဝင်ခဲ့ပါတယ်။

မာရာဒိုနာသေဆုံးမှုအတွက် ဗုဒ္ဓဟူးနေ့ညနေမှာ ကစားခဲ့တဲ့ ဘောလုံးပွဲစဉ်တွေမှာ တစ်မိနစ်ငြိမ်သက် အောက်မေ့ခဲ့ကြပြီး ဘလွန်းဒီအော် ၆ ဆုရှင် မက်ဆီက အံ့အားသင့်ဖွယ်စကားလုံးအချို့ကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ မာရာဒိုနာ အာဂျင်တီးနားလက်ရွေးစင်အသင်းကို နည်းပြခဲ့တုန်းက ကစားပေးခဲ့တဲ့ကစားသမားဖြစ်ပြီး အာဂျင်တီးနားလူမျိုးအားလုံးနဲ့ အာဂျင်တီးနားဘောလုံးလောကအတွက် အလွန်ဝမ်းနည်းစရာနေ့ရက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဘောလုံးလောကအတွက်နဲ့ အာဂျင်တီးနားပြည်သူတွေအားလုံးအတွက် အရမ်းဝမ်းနည်းစရာကောင်းတဲ့နေ့ပါ။ သူ ကျွန်တော်တို့ကို ချန်ထားရစ်ခဲ့ပေမယ့် ချန်လည်း မချန်ထားခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီယေဂိုက ဘယ်တော့မှ သေသွားမှာမဟုတ်လို့ပါ။ ကျွန်တော် သူနဲ့အတူတူနေခဲ့ရတုန်းက လှပတဲ့အခိုက်အတံ့တွေအားလုံးကို သိမ်းထားပြီး သူ့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေအားလုံးနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိပါတယ်။ ငြိမ်းချမ်းရာမှာ အနားယူပါတော့”လို့ ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုကလည်း ရင်ထဲကလာတဲ့ ဝမ်းနည်းကြေကွဲမှုနဲ့အတူ ဂုဏ်ပြုနှုတ်ဆက်ခဲ့ပြီး မာရာဒိုနာဟာ ဘယ်သူနဲ့မှမတူညီနိုင်တဲ့ မှော်ဆရာလို့ ခေါ်ခဲ့သလို ဘယ်တော့မှ ဖြည့်ဆည်းနိုင်မှာမဟုတ်တဲ့ ကွက်လပ်ကို ချန်ထားခဲ့ပြီလို့ မြည်တမ်းခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ ကျွန်တော် မိတ်ဆွေတစ်ဦးကို နှုတ်ဆက်စကားပြောခဲ့ရပြီး ကမ္ဘာကြီးကလည်း ဘယ်တော့မှမသေနိုင်တဲ့ဉာဏ်ကြီးရှင်ကို နှုတ်ဆက်ခဲ့ရပါတယ်။ အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ဦးပါ။ နှုှုိင်းယှဉ်လို့မရနိုင်တဲ့ မှော်ဆရာပါ။ သူ ကျွန်တော်တို့ကို စောစောစီးစီး စွန့်ခွာသွားခဲ့ပေမယ့် အကန့်အသတ်မရှိတဲ့ အမွေအနှစ်တွေနဲ့ ဘယ်တော့မှ ပြန်ဖြည့်လို့မရနိုင်တဲ့ ကွက်လပ်ကို ချန်ထားခဲ့ပါတယ်။ ငြိမ်းအေးရာမှာ အနားယူပါတော့။ ခင်ဗျားက ဘယ်တော့မှ မေ့လျော့ခံရမယ့်မဟုတ်ပါဘူး”လို့ အင်စတာဂရမ်အကောင့်မှာ ရေးသားခဲ့ပါတယ်။