ကွင်းလယ်ကနေ ကြောက်မက်ဖွယ်ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တဲ့ ဟယ်ရီဝင့်ခ်

ဟယ်ရီဝင့်ခ်ဟာ ကြာသပတေးနေ့ည ယူရိုပါလိဂ်ပွဲစဉ်အဖြစ် လူဒိုဂရက်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အဝေးကန်ချက်နဲ့ ဂိုးသွင်းယူခဲ့ပေမယ့် တကယ်ရည်ရွယ်ချက်ရှိရှိနဲ့ ကန်သွင်းယူခဲ့တာလားဆိုတာတော့ ဘယ်သူမှ သေချာမသိနိုင်ပါဘူး။

တော့တင်ဟမ်ဟော့စပါးနည်းပြမော်ရင်ဟိုဟာ မန်ချက်စတာစီးတီးအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က လူစာရင်းကို ၁၀ ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အန်ဒွန်ဘီလီတစ်ဦးတည်းသာ ပြန်လည်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ မြောက်လန်ဒန်အသင်းဟာ ၎င်းတို့ရဲ့ ဧည့်သည် ဘူဂေးရီးယားကလပ်ကို လွှမ်းမိုးနိုင်ခဲ့တာကတော့ အထူးအဆန်းမဟုတ်ဘဲ ကားလို့စ်ဗင်နစ်ရှပ်ဟာ ပထမပိုင်းမှာ စပါးအသင်းအတွက် ၎င်းရဲ့ပထဆုံး သွင်းဂိုး ၂ ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ပွဲရဲ့အခိုက်အတံ့ဟာ ၆၃ မိနစ်မှာ ဟယ်ရီဝင့်ခ်က ဂိုးပေါက်ရှေ့ထွက်နေတဲ့ လူဒိုဂရက်ဂိုးသမားရဲ့အမှားကို အခွင့်ကောင်းယူပြီး ကွင်းလယ်စည်းနားကနေ အဝေးကန်ချက်နဲ့ ကန်သွင်းယူလုုိက်တဲ့အချိန်မှာတော့ ပြောင်းလဲသွားခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ဂိုးကန်သွင်းဖို့ ရည်ရွယ်ပြီး ကန်ခဲ့တယ်ဆိုတာကို လုံးလုံးယုံကြည်လို့မရခဲ့ဘဲ ၎င်းအနေနဲ့ အသင်းဖော်တွေအတွက် ဘောလုံးပေးပို့ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ပွဲအပြီးမှာ BT Sport က အသက် ၂၄ နှစ်အရွယ်ကစားသမားကို တကယ်ရည်ရွယ်ပြီးကန်ခဲ့တာ ဟုတ်၊ မဟုတ် မေးမြန်းခဲ့ရာမှာ အခုလိုပဲ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

“ကျွန်တော် တကယ်ရည်ရွယ်ပြီးကန်ခဲ့တာလို့ ပြောချင်ပါတယ်။ ကျွန်တော် ဘေးလ် ပြေးသွားတာကို မြင်တွေ့ခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။