နျူအာရဲ့ ဉာဏ်ကောင်းကောင်းနဲ့ ရယူသွားတဲ့ အဝါကတ်ကို သဘောကျနေတဲ့ ပရိသတ်များ

ဘိုင်ယန်မြူးနစ်ဝါရင့်ဂိုးသမား နျူအာဟာ ရက်ဘူးဆဲလ်ဘတ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မယုံကြည်နိုင်ဖွယ် အခိုက်အတံ့ကို ပြုလုပ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဗုဒ္ဓဟူးနေ့ညက ဆဲလ်ဘတ်ကို ၃-၁ နဲ့ အနိုင်ယူပြီး အုပ်စုအဆင့် ၄ ပွဲကနေ အနိုင် ၄ ပွဲရယူနိုင်ခဲ့တာဖြစ်ပြီး ဂိုးသမားနျူအာကို ကြီးကြီးမားမား ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ နျူအာဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် မယုံကြည်နိုင်ဖွယ် ဂိုးကာကွယ်မှု ၁၀ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပြီး ၁ ဂိုးသာ ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် နျူအာအနေနဲ့ ဆဲလ်ဘတ်နဲ့ပွဲစဉ် ပထမပိုင်း ဂိုးမရှိသရေကျနေချိန်မှာ ဉာဏ်ကောင်းကောင်းနဲ့ ပြုလုပ်ခဲ့တဲ့ကိစ္စကိုတော့ အမှတ်အရဆုံးဖြစ်နေမှာဖြစ်ပါတယ်။ ဂျာမန်ဂိုးသမားဟာ ဘောလုံးကို ရယူဖို့အတွက် ဂိုးစည်းအပြင်ထွက်လိုက်ခဲ့ပြီး ကွင်းဘေးစည်းကျော်သွားတဲ့အချိန်မှာ ဆဲလ်ဘတ်အသင်းရဲ့ တိုက်စစ် နှောင့်နှေးအောင် ပါးပါးနပ်နပ်နဲ့ ကြားဝင်နှောင့်ယှက်နိုင်ခဲ့တာဖြစ်ပါတယ်။

နျူအာဟာ အရန်သင့်ထားထားတဲ့ ဘောလုံးကို ကွင်းဘေး ကြော်ငြာဆိုင်းဘုတ်ကို ကန်ပစ်ခဲ့ပြီး အဲဒါကြောင့် ပြိုင်ဘက်ကစားသမားဟာ ချက်ချင်းပြန်လည်မကစားနိုင်တော့ဘဲ အဲဒီနောက်မှာ နျူအာက ကွင်းထဲကို ပြန်အဝင်မှာ လူပေးဖို့ ကြိုးစားနေတဲ့ ပြိုင်ဘက်ကစားသမားကို မတော်တဆလိုနဲ့ ခုန်အုပ်ခဲ့တာဖြစ်ပါတယ်။

နျူအာဟာ ၎င်းရဲ့လုပ်ရပ်ကြောင့် အဝါကတ်ပြား ပြသခြင်းခံခဲ့ရပေမယ့် အဲဒီထက်ပိုအရေးကြီးတာက ဘိုင်ယန်မြူးနစ်အတွက် ဧည့်သည်အသင်းဆီကနေ အခွင့်အရေးဖန်တီးမှုကို ရပ်တန့်နိုင်ခဲ့တာဖြစ်ပါတယ်။