ဖာနန်ဒက်စ်လည်း ယူနိုက်တက်ကို စိတ်ပျက်ပြီး လစ်မှာပဲဆိုတဲ့ ဂျိုကိုးလ်

ဂျိုကိုးလ်က ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ စိတ်ပျက်လာနေပြီလို့ ယုံကြည်နေပြီး အသင်းရဲ့ရုန်းကန်နေရမှုကြောင့် အခြားအသင်းကိုပြောင်းဖို့ စဉ်းစားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ စပို့တင်းလစ္စဘွန်းကနေ ပြောင်းရွှေ့လာပြီးကတည်းက မန်ချက်စတာယူနိုက်တက်ရဲ့ အရေးအကြီးဆုံးကစားသမားဖြစ်လာခဲ့သူဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ယခုရာသီ ၁၅ ပွဲမှာ ၉ ဂိုးအပါအဝင် စုစုပေါင်း ၃၅ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပါတယ်။

ဖာနန်ဒက်စ်က အထင်ကြီးဖွယ်ခြေစွမ်းပြသနေပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆက်လက်ပြီး နိုင်လိုက်၊ ရှုံးလိုက်နဲ့ သံသရာလည်နေပြီး တနင်္ဂနွေနေ့မှာ ကစားရမယ့် ဆောက်သမ်တန်နဲ့ပွဲစဉ်မတိုင်မီ အဆင့် ၁၀ မှာသာ ရပ်တည်နေရတာဖြစ်ပါတယ်။ အင်္ဂလန်ကြယ်ပွင့်ဟောင်း ဂျိုကိုးလ်က ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ခြေစွမ်းကြောင့် စိတ်ပျက်လာပြီး အသင်းကို စွန့်ခွာဖို့ စဉ်းစားကောင်းစဉ်းစားနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် ဘရူနိုဖာနန်ဒက်စ်ကို နှစ်သက်တယ်။ သူက ခေါင်းဆောင်ပဲ”

“ကျွန်တော် သူ ကစားတာကို စောင့်ကြည့်ပြီး အခုအချိန်မှာ သူက နည်းနည်းစိတ်ပျက်လာနေတဲ့အခြေအနေကို ရောက်နေတယ်လို့ ခံစားရပါတယ်”

“သူက မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ချုပ်ပြီးတော့ ‘ဟုတ်ပြီ။ ဒါပဲကွ။ ဆုဖလားတွေရတော့မယ်’ဆိုပြီး တွေးခဲ့ပါလိမ့်မယ်”

“သူက ထူးချွန်ပြီး သူတို့ရဲ့ အကောင်းကစားသမားပါ။ သူ ပေါ့ဂ်ဘာကို အစွန်ဆုံးကို တွန်းပို့ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက ဖန်တီးနိုင်မှုစွမ်းအားမို့လို့ပဲ”

“ဒါပေမယ့် ကျွန်တော် သူ မကြာခင် အသင်းပြောင်းနိုင်ခြေရှိတယ်လို့ မြင်ပါတယ်။ သူ့ကို စောင့်ကြည့်နေတဲ့အသင်းတွေလည်း ရှိပါလိမ့်မယ်။ မန်ချက်စတာယူနိုက်တက်မှာ အရမ်းကောင်းတဲ့ကစားသမားအချို့ရှိပေမယ့် အဲဒီမှာ ပေါက်ကရတွေဖြစ်နေတယ်”လို့ ပြောကြားခဲ့ပါတယ်။