နူးကမ့်ကွင်းကို မက်ဆီနာမည်ပြောင်းလဲချင်နေတဲ့ ဘာစီလိုနာဥက္ကဌလောင်း

အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့်နဲ့ ကတ်တလန်အသင်းတို့ရဲ့ကြားက ဆက်ဆံရေးက ပြိုကွဲသွားခဲ့ပြီဖြစ်ပေမယ့် ဥက္ကဌရာထူးကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ဥက္ကလောင်းတစ်ဦးက ကြယ်ပွင့်ကစားသမားကို ဂုဏ်ပြုချင်နေတယ်လို့ မျှော်လင့်ရပါတယ်။

ဘာစီလိုနာဥက္ကဌလောင်းတစ်ဦးဖြစ်တဲ့ အီမီလီရူးဆာ့ဒ်က ကြယ်ပွင့်ကစားသမား လီယွန်နယ်မက်ဆီ အသင်းနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ နူးကမ့်ကွင်းကို နာမည်ပြောင်းလဲပေးမယ်လို့ ဥက္ကဌရွေးကောက်ပွဲအတွက် ကတိပေးပြီး မဲဆွယ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့လမှာ ဘုတ်အဖွဲ့တစ်ခုလုံးနဲ့အတူ ရာထူးကနေ နုတ်ထွက်သွားခဲ့တဲ့ ဥက္ကဌဟောင်း ဘာတိုမြူရဲ့နေရာမှာ ဥက္ကဌသစ်တင်မြှောက်ဖို့ လာမယ့်ဇန်နဝါရီလမှာ ဥက္ကဌရွေးကောက်ပွဲကို ပြုလုပ်သွားရမှာဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီက အသင်းကို စွန့်ခွာချင်တဲ့ဆန္ဒကို ကြေညာခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီတလျှောက်လုံး ဘာတိုမြူအပေါ်မှာ ဖိအားတွေရှိနေခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ Goal နဲ့ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ နောက်ထပ်တစ်ရာသီ နူးကမ့်မှာ ဆက်နေမှာဖြစ်တယ်လို့ ပြောကြားခဲ့တဲ့အချိန်မှာ ဥက္ကဌကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ယခုရာသီကုန်ထက်ကျော်လွန်ပြီး ဘာစီလိုနာအသင်းမှာ ဆက်လက်ရှိနေချင်တယ်ဆိုတဲ့ အရိပ်အယောင်ပြသခဲ့ခြင်းမရှိတဲ့အချိန်မှာ ရူးဆာ့ဒ်က မက်ဆီမရှိတဲ့နောက် နူးကမ့်ကို အာဂျင်တီးနားကြယ်ပွင့်ရဲ့နာမည်ပေးပြီး ဂုဏ်ပြုပေးမယ်လို့ ကတိပေးစကားပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ နူးကမ့်ကွင်းရဲ့နာမည်ကို လီယိုမက်ဆီနာမည်ပြောင်းဖို့အတွက် ရွေးကောက်ပွဲ ကျင်းပသွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။