ဟက်ကာတွေကြောင့် ကြီးမားတဲ့ဒဏ်ကြေးဆောင်ရဖွယ်ရှိနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟက်ကာတွေ တောင်းဆိုထားတဲ့ ပြန်ရွေးငွေကို ပေးခဲ့မယ်ဆိုရင် ပေါင် ၁၅ သန်းအထိ ကြီးမားတဲ့ဒဏ်ရိုက်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့စနစ်ကို ၁ ပတ်ကျော်အထိ အလုပ်မလုပ်နိုင်အောင် တိုက်ခိုက်နေတဲ့ ramsomware တွေကို တိုက်ထုတ်ဖို့အတွက် ဆက်လက်လုပ်ဆောင်နေတာဖြစ်ပြီး ပေါင် ၁၅ သန်းရဲ့ ၂ ဆပေးဆောင်ရမယ့်ခြိမ်းခြောက်မှုရှိနေကြောင်း ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပေါင်သန်းနဲ့ချီတဲ့ ပြန်ရွေးငွေတောင်းဆိုခြင်းခံခဲ့ရပြီးဖြစ်တယ်လို့ ယုံကြည်ရပြီး အဲဒီလိုမှ မပေးရင်တော့ လုံးဝထိလို့မရတဲ့အချက်အလက်တွေဟာ အများသုံးဒိုမိန်းတွေဆီ ပေါက်ကြားသွားနိုင်ခြေရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟက်ကာတွေကို တိုက်ခိုက်မှု ရပ်တန့်ဖို့ ငွေပေးခဲ့မယ်ဆိုရင် အမေရိကန်က ပြဌာန်းထားတဲ့ ဥပဒေအသစ်ကို ကျူးလွန်မိသွားမှာဖြစ်ပြီး ပေါင် ၁၅ သန်းအထိ ဒဏ်ငွေတပ်ရိုက်ခြင်းခံရမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ယူကေအခြေစိုက်ကုမ္ပဏီဖြစ်ပေမယ့်လည်း ဂလေဇာပိုင်ဆိုင်တဲ့အသင်းဟာ နယူးယောက်စတော့ရှယ်ယာစျေးကွက်မှာ စာရင်းဝင်နေတာကြောင့် အမေရိကန်ရဲ့ဥပဒေနဲ့ သက်ဆိုင်မှု ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ကြေညာချက်မှာ ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်မှုတွေလုပ်ဆောင်နေတဲ့ စာရင်းမှာ ပါဝင်တဲ့ ဟက်ကာတွေရဲ့ ပြန်ရွေးငွေတောင်းဆိုမှုကို ပေးချေတဲ့ ဘယ်လိုအဖွဲ့အစည်းမျိုးမဆို ကြီးလေးတဲ့ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်ပေးမှုမျိုး ခံစားရနိုင်တယ်လို့ ပြောကြားထားပြီး တကယ်လို့ သားကောင်ဟာ ပြစ်မှုကျူးလွန်သူက ဘယ်သူဘယ်ဝါဆိုတာကို မသိရင်တောင်မှ ပြစ်မှုမြောက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ အဲဒီစာရင်းထဲမှာ ရုရှားဆိုက်ဘာမှုခင်းဂိုဏ်းဖြစ်တဲ့ Evil Corp၊ မြောက်ကိုရီးယား Lazarus အုပ်စုနဲ့ အီရန်က SamSam ransomware တိုက်ခိုက်မှုတို့ ပါဝင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဟက်ကာတွေကို ပြန်ရွေးငွေမပေးနိုင်လို့ ကာကွယ်မှုပေးထားရတဲ့ ပရိသတ်တွေရဲ့အချက်အလက်တွေ ပေါက်ကြားသွားခဲ့မယ်ဆိုရင် နောက်ထပ် ပေါင် ၁၈ သန်း ဒဏ်ရိုက်ခံရမှာဖြစ်ပြီး ဆုပ်လဲစူး စားလဲရူးဆိုတဲ့ အခြေအနေဆိုက်နေတာဖြစ်ပါတယ်။