မက်ဆီနဲ့ မခွဲနိုင်မခွာရက်ဖြစ်နေကြောင်း ဖွင့်ဟခဲ့တဲ့ ပီကေး

ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ ယခုရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် ဂျရတ်ပီကေးက ကြယ်ပွင့်ကစားသမားအနေနဲ့ နူးကမ့်မှာ ဆက်နေလိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဂျရတ်ပီကေးဟာ ဘာစီလိုနာအသင်းက လီယွန်နယ်မက်ဆီကို လာမယ့်နှစ်တွေအထိ အသင်းမှာဆက်နေဖို့အတွက် စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနားကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ အသင်းကနေ ထွက်ခွာခွင့်တောင်းခံခဲ့သူဖြစ်ပါတယ်။

ဘလွန်းဒီအော် ၆ ဆုရှင်ဟာ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ မန်ချက်စတာစီးတီး၊ ပီအက်စ်ဂျီ၊ အင်တာမီလန် စတဲ့အသင်းတွေကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ပီကေးက မက်ဆီ ဘာကာမှာ ဆက်နေမယ်လို့ မျှော်လင့်နေပြီး ကစားသမားဘဝတစ်ခုလုံး အချိန်ကုန်ဆုံးခဲ့တဲ့နေရာမှာပဲ ဆက်ရှိနေလိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ လီယိုကို မေးရပါလိမ့်မယ်။ အဲဒါက သူ့ရဲ့ ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်ပါ။ ကျွန်တော်တို့ ဘာတွေဖြစ်လာမလဲ ကြည့်ကြတာပေါ့”

“သူ ဘာကာရှပ်ကို ဆက်လက်ဝတ်ဆင်နေတဲ့အထိ အမြဲတမ်း မျှော်လင့်ချက်ဆိုတာ ရှိနေလိမ့်မယ်လို့ ကျွန်တော် ယုံတယ်”

“သူတို့တွေ သူ့ကို ဆွဲဆောင်နိုင်ပြီး နောက်ထပ် သူ နှစ်တွေအများကြီး ဆက်နေဖို့ ကျွန်တော်တို့အားလုံး မျှော်လင့်နေပါတယ်”လို့ Marca ကို ပြောကြားခဲ့ပါတယ်။