ချယ်ဆီးဝါရင့်နောက်ခံကစားသမား အက်ဇ်ပလီကူတာဟာ အရင်တုန်းက တော့တင်ဟမ်ဟော့စပါးနဲ့ ပြင်းထန်တဲ့ပြိုင်ပွဲတွေများစွာ ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပြီး ၎င်းတို့ရဲ့ ယခုအပတ်တွေ့ဆုံမှုမှာ လန်ဒန်ဘုရင် ဘယ်သူလဲဆိုတာ ပြသချင်နေတာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့ညနေမှာ လန်ဒန်မြို့ခံပြိုင်ဘက် တောင့်တင်ဟမ်ဟော့စပါးအသင်းနဲ့ တွေ့ဆုံသွားရမှာဖြစ်ပြီး ချယ်ဆီးအသင်းက လန်ဒန်မှာ နံပါတ် ၁ ဖြစ်ကြောင်း သက်သေပြဖို့ ဆုံးဖြတ်ထားတယ်လို့ အက်ဇ်ပလီကူတာက ပြောကြားခဲ့တာဖြစ်ပါတယ်။
ကာလရှည်ပြိုင်ဘက်တွေဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ယခုရာသီမှာ ပထမဆုံးအကြိမ် တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ချယ်ဆီးက ၂-၁ နဲ့ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းကလည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်အောင် မဖြစ်မနေ အနိုင်ကစားသွားရမယ်ဆိုတာကို သတိပြုမိနေတာဖြစ်ပြီး ချယ်ဆီးအသင်းသာ အနိုင်ရရှိခဲ့မယ်ဆိုရင် စပါးရဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာဟာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တာဖြစ်ပါတယ်။
“အဲဒီပွဲစဉ်က ခင်ဗျား စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ထူးခြားတဲ့ပတ်ဝန်းကျင်တစ်ခုကို ပုံမှန်အားဖြင့် ခံစားရမယ့် ပွဲစဉ်တွေထဲက တစ်ပွဲပါ။ ၂၀၁၆ တုန်းက ပွဲမှာ ကျွန်တော်တို့ ဆိုးရွားတဲ့ရာသီကို ရင်ဆိုင်ခဲ့ရပြီး ပထမပိုင်းမှာပဲ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့ပါတယ်”

“ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကွင်းထဲမှာ လျှပ်စီးလက်နေသလိုပဲ။ ကျွန်တော်တို့ ဘာအတွက်နဲ့မှ မကစားခဲ့ဘူးဆိုရင်တောင်မှပဲ အဲဒီနေ့မှာ တစ်စုံတရာက ဖိနှိပ်လိုက်သလိုပဲ။ စပါးကို ပရီးမီးယားလိဂ်ဖလား ရခွင့်မပေးချင်ခဲ့ရုံပါ။ အဲဒါက ပွဲစဉ်တစ်ပွဲပဲမဟုတ်ပါဘူး။ အဲဒါက သူတို့တွေလည်း ပါဝင်နေခဲ့တဲ့ ဆုဖလားပြိုင်ပွဲပါ”
“နှစ်တိုင်းက ကွဲပြားခြားနားပြီး ကျွန်တော်တို့မှာ သူတို့ကို ရှုံးနိမ့်ခဲ့တဲ့ လွန်ခဲ့ ၂ နှစ်၊ ၃ နှစ်မတိုင်ခင်အထိ သူတို့နဲ့ တွေ့တိုင်း အရမ်းကောင်းမွန်တဲ့စံချိန်မှတ်တမ်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ဆက်ပြီး အနိုင်ယူနိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။