ပယ်လီစထရီရဲ့ ထိပ်တန်းခြေစွမ်းကို ချီးကျူးနေကြတဲ့ ယူနိုက်တက်ပရိသတ်များ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားများစွာခေါ်ယူမယ်လို့ ကတိပေးခဲ့ပေမယ့် ပထမပအသင်းအတွက် ၃ ဦးသာ ခေါ်ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ အနာဂတ်အတွက်လည်း ကစားသမား ၂ ဦးကို ခေါ်ယူမှုပြုလုပ်ခဲ့ပြီး အတ္တလန်တာက အာမက်ဒီရယ်လိုကို ပေါင် ၁၈.၉ သန်း၊ ဥရုဂွေးအသင်းဖြစ်တဲ့ ပီနားရိုးက လူသိပ်မသိတဲ့ ဖာကန်ဒိုပယ်လီစထရီကို ပေါင် ၇.၆၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ ယူ-၂၃ အသင်းထဲကို တန်းပို့ခံခဲ့ရပြီး ပြီးခဲ့တဲ့လက ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

သောကြာနေ့ညနေခင်းမှာတော့ ဝက်စ်ဟမ်းယူနိုက်တက်ယူ-၂၃ အသင်းနဲ့ ပွဲစဉ်မှာ ပယ်လီစထရီက ၎င်းရဲ့ စတုတ္ထမြောက်ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့ပြီး ယူနိုက်တက်ယူ-၂၃ က ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ပယ်လီစထရီရဲ့ စွမ်းဆောင်ရည်က ပြောစရာကိစ္စကြီး ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဥရုဂွေးကွင်းလယ်ကစားသမားဟာ ခြေစွမ်းတရှိန်ထိုးတက်လာနေပုံရပြီး သောကြာနေ့ညက ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။

တခြားနေ့တွေမှာသာဆိုရင် ပယ်လီစထရီဟာ ဂိုးဖန်တီးမှု ၂ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်လောက်အထိ ရရှိမှာဖြစ်ပေမယ့် ဝက်စ်ဟမ်းယူ-၂၃ နဲ့ပွဲစဉ်မှာ အဆုံးသတ်ပိုင်း ညံ့ဖျင်းခဲ့မှုကြောင့် မရရှိခဲ့ဘဲ ပင်နယ်တီ မရခဲ့တာကလည်း တော်တော်လေး ကံဆိုးခဲ့တယ်လို့ ယူဆရပါတယ်။

ပယ်လီစထရီရဲ့ကစားပုံကိုကြည့်ရတာ စိတ်လှုပ်ရှားစရာအလားအလာတစ်ခုကို မြင်တွေ့ခဲ့ရပုံပေါ်ပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကတော့ တွစ်တာပေါ်မှာ ၎င်းတို့ရဲ့စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ကြပါဘူး။

“ပယ်လီစထရီကို ကြည့်ရတာ မူလလက်ဟောင်း ဂစ်ကို မြင်နေရသလိုပဲ တောင်ပံကနေ တောက်လျှောက် ဖြတ်တင်ဘောတွေ ပေးပို့နေတယ်။ သူ့အတွက် အနာဂတ်က တောက်ပနေပါတယ်”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ချခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဒီကလေးက ထူးခြားတယ်။ သူက နိုင်ငံအသစ်၊ စနစ်အသစ်မှာ ရှိနေပြီး လက်ရှိမှာတော့ ၂ လဆက်တိုက် တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိဖို့ ထိုက်တန်တဲ့စွမ်းဆောင်ရည်ကို ပြနေပြီ။ ကျွန်တော်တို့ ကျောက်ကြမ်းထဲက စိန်ကို အမှန်တကယ် ရှာတွေ့ခဲ့တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”လို့ ရေးသားခဲ့ပါတယ်။