မာရာဒိုနာအတွက် ပွဲချိန်ခေတ္တနားခဲ့တဲ့ ဂျူဗင်တပ်နဲ့ဘင်နီဗင်တိုတို့ပွဲစဉ်

ဂျူဗင်တပ်နဲ့ ဘင်နီဗင်တိုကစားသမားတွေဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ အာဂျင်တီးနားဂန္တဝင် မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ ပွဲချိန် ၁၀ မိနစ်မှာ ကစားတာကို ရပ်ပြီး လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။

မာရာဒိုနိဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့နေ့လယ်မှာ ဝမ်းနည်းဖွယ်ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အီတလီမှာ ၎င်းရဲ့အကြီးမားဆုံးအောင်မြင်မှုတွေထဲက အချို့ကို ရရှိခဲ့တာဖြစ်ပြီး နာပိုလီအသင်းနဲ့ စီးရီးအေဖလားကို ၂ ကြိမ် ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ကြီးမြတ်တဲ့ကစားသမားကို ဂုဏ်ပြုတဲ့အနေနဲ့ ယခုအပတ်ကစားခဲ့တဲ့ အီတလီရဲ့ထိပ်တန်းလိဂ်ပွဲစဉ်အားလုံးမှာ တစ်မိနစ်ငြိမ်သက်ခဲ့ကြပြီး ကစားသမားတွေက ဝမ်းနည်းခြင်းအထိမ်းအမှတ် လက်ပတ်အမည်းကို ဝတ်ဆင်ကစားခဲ့ကြပါတယ်။

ဂျူဗင်တပ်နဲ့ ဘင်နီဗင်တိုတို့ပွဲစဉ်မှာ အသက် ၆၀ အရွယ် ဂန္တဝင်တိုက်စစ်မှူးရဲ့ ကျော်ကြားတဲ့ ကျောနံပါတ် ၁၀ ကို ဂုဏ်ပြုတဲ့အနေနဲ့ ပွဲကစားချိန် ၁၀ မိနစ်မှာ ခေတ္တရပ်တန့်ပြီး ၂ ဖက်အသင်းသားတွေက မာရာဒိုနာကို ဂုဏ်ပြုလက်ခုပ်တီးခဲ့ကြတာဖြစ်ပါတယ်။

ဂျူဗင်တပ်နဲ့ ဘင်နီဗင်တိုတို့ ပွဲစဉ်ဟာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ပြီးဆုံးသွားခဲ့ပြီး နေပယ်မြို့သားဖြစ်တဲ့ ဘင်နီဗင်တိုကစားသမား လတ်တီဇီယာက အသင်းအတွက် ချေပဂိုးကို သွင်းယူခဲ့ပြီးနောက် ကောင်းကင်ပေါ်ကို ညွှန်ပြကာ အောင်ပွဲခံခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။