ဆိုးရွားလွန်းတဲ့လွဲချော်မှုနဲ့အတူ ဂြိုဟ်သားမဟုတ်ဘူးဆိုတာ သက်သေပြခဲ့တဲ့ ဟာလန်း

စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ကိုလုံးအသင်းတို့ရဲ့ပွဲစဉ်မှာ ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းဟာ အပိုင်ဂိုးသွင်းခွင့်ကို အံ့အားသင့်ဖွယ် လွဲချော်ခဲ့ပါတယ်။

အသက် ၂၀ အရွယ်တိုက်စစ်မှူးဟာ ကိုလုံးအသင်းကို ၂-၁ နဲ့ ရှုံးနိမ့်နေတဲ့ နောက်ဆုံးမိနစ်မှာ အပိုင်ဂိုးသွင်းခွင့်လွဲချော်ခဲ့တာဖြစ်ပြီး ဧည့်သည်ကိုလုံးအသင်းကို အနိုင် ၃ မှတ် ပေးခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ရဲ့ ၆ ကိုက်ပင်နယ်တီဧရိယာထဲ ဖြတ်တင်ပေးပို့မှုကို ဟာလန်းက ဘယ်ခြေနဲ့ ပိတ်သွင်းဖို့ ကြိုးပမ်းခဲ့ရာမှာ ထိချက်မမှန်ဘဲ လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ကိုလုံးကို အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ဘွန်ဒက်စ်လီဂါ ၉ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ၄ မှတ်ကွာဟနေတာဖြစ်ပါတယ်။ ဟာလန်းရဲ့လွဲချော်မှုက ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အသင်းကိုရောက်ရှိလာပြီးကတည်းက အကောင်းဆုံးပုံစံပြသထားသူဖြစ်တာကြောင့် အံ့အားသင့်ဖွယ်ကောင်းခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက ၁၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ယခုရာသီမှာ ၈ ပွဲကစားခဲ့ရာမှာ ၁၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။