ခြေချင်းဝတ်ဒဏ်ရာကို ပရိသတ်တွေသိအောင် အကဲပိုပိုနဲ့ ပြသခဲ့တဲ့ ဗန်ဒီဘိခ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ဟာ ၎င်းရဲ့ပထမဆုံး ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်မှာ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကို တုံ့ပြန်ခဲ့ပြီး ပရိသတ်အများစုကို အံ့အားသင့်စေခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ လဲကျနေရာကနေ ထပြီး အချိန်အနည်းငယ်အကြာမှာ ဘောလုံးကို ရယူဖို့အတွက် ရှေ့ကို ပြေးလွှားသွားခဲ့ပြီး ပရိသတ်အချို့က ဖျက်ထုတ်မှုကြမ်းတမ်းလွန်းတဲ့အတွက် ဒတ်ချ်ကွင်းလယ်ကစားသမားကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ဆောက်သမ်တန်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ဓာတ်ပုံတင်ပြီး နယ်သာလန်ကွင်းလယ်ကစားသမားက ၎င်းရဲ့ခြေချင်းဝတ် ထိခိုက်ဒဏ်ရာရခဲ့တာကို ဘယ်အရာက တုံ့ပြန်စေခဲ့လဲဆိုတာကို ရှင်းပြကောင်း ရှင်းပြခဲ့တာဖြစ်ပါလိမ့်မယ်။

ဗန်ဒီဘိခ်က အင်စတာဂရမ်မှာ ‘ပရီးမီးယားလိဂ်က ကြိုဆိုပါတယ်’ဆိုတဲ့ စာသားနဲ့အတူ ၎င်းရဲ့ ဖောင်းကားနေတဲ့ ခြေချင်းဝတ်ကို ဓာတ်ပုံရိုက်တင်ခဲ့ပြီး ဒဏ်ရာအခြေအနေက တော်တော်လေးများခဲ့ပုံပေါ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ တနင်္ဂနွေနေ့က ၂-၀ နဲ့ ဆောက်သမ်တန်ကို ရှုံးနိမ့်နေရာကနေ ၃-၂ နဲ့ ပြန်လာနိုင်ခဲ့တဲ့ပွဲစဉ်မှာ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဗန်ဒီဘိခ်က ၎င်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပျော်ရွှင်နေခဲ့တာဖြစ်ပါတယ်။

ပရိသတ်အချို့က ယခုရာသီအစောပိုင်းမှာ အခြေကျဖို့ ရုန်းကန်နေရတဲ့ အေဂျက်ကြယ်ပွင့်ဟောင်းရဲ့ ပရီးမီးယားလိဂ်နဲ့ အံဝင်ခွင်ကျဖြစ်မှုကို သံသယဝင်ခဲ့ကြပြီးနောက်မှာ ဗန်ဒီဘိခ်က ယခုလို ခြေစွမ်းနဲ့ သက်သေပြသခဲ့တာဖြစ်ပါတယ်။