ချန်ပီယံလိဂ်ယူပြမယ်လို့ ပုံပြောကောင်းခဲ့တဲ့ အာတီတာကြောင့် ၃ နှစ်စာချုပ်ချုပ်ခဲ့မိတဲ့ ဝီလီယံ

အာဆင်နယ်အသင်းအတွက် လက်ရှိအချိန်အထိ ဝီလီယံကို ခေါ်ယူမှုဟာ လုံးဝကို ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပြီး အစပိုင်းမှာ ပရိသတ်တွေက ချယ်ဆီးအသင်းကနေ ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာတဲ့ ဝီလီယံအတွက် အကောင်းမြင်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယင်းအကောင်းမြင်မှုတွေဟာ လအနည်းငယ်ကြာမြင့်လာတဲ့အချိန်မှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ဝီလီယံကလည်း အာဆင်နယ်အသင်းအတွက် တစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဝီလီယံရဲ့ကောင်းမွန်တဲ့စွမ်းဆောင်ရည်ဆိုလို့ ဖူလ်ဟမ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲဦးထွက်ပါဝင်ကစားခဲ့ရာမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာတစ်ခုတည်း ရှိသေးတာဖြစ်ပါတယ်။

ဝီလီယံဟာ တနင်္ဂနွေနေ့ညက ဝုဗ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာ ဂက်ဘရီရယ်မက်ဂယ်ဟေးစ်အတွက် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပေမယ့် ၎င်းရဲ့ စုစုပေါင်းစွမ်းဆောင်ရည်ဟာ နောက်ထပ်တစ်ကြိမ် ဆိုးရွားနေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဝုဗ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေရပြီဖြစ်ပြီး ရာသီအဖွင့်ပွဲစဉ် ၁၀ ပွဲကနေ ၁၃ မှတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ဝါရင့်ကွင်းလယ်ကစားသမားက အမ်းမရိတ်စ်မှာ နေရမယ့် ၃ နှစ်တာကာလအတွင်း အာဆင်နယ်ရဲ့ပစ်မှတ်ဟာ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ဆိုတဲ့အကြောင်းကို The Sun ကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အစီအစဉ်ရဲ့တစ်စိတ်တပိုင်းဖြစ်လာဖို့ ၃ နှစ်စာချုပ်လိုချင်ခဲ့တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက ဘောလုံးပေးပို့နေရုံ ကစားသမားတစ်ယောက်အဖြစ်ရှိချင်လို့မဟုတ်ပါဘူး”

“ကျွန်တော် နည်းပြနဲ့ စကားပြောခဲ့တဲ့အချိန်မှာ သူက ဘာကြောင့် ကျွန်တော် ၃ နှစ်စာချုပ်ချုပ်ဖို့ လိုအပ်လဲဆိုတာကို ပြောပြခဲ့ပါတယ်”

“သူက ပထမဆုံး ချန်ပီယံလိဂ်ဝင်ခွင့်လိုချင်ပြီး ကျွန်တော် အသင်းကနေ ထွက်သွားသွားတဲ့အချိန်မှာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ချင်တယ်တဲ့။ ကျွန်တော် ကြားချင်ခဲ့တဲ့ စကားပါပဲ”

“ကျွန်တော် ချယ်ဆီးမှာ ၇ နှစ်လောက်ကစားခဲ့ပြီး ချန်ပီယံလိဂ်ကလွဲရင် ကျန်တာအားလုံး ရရှိခဲ့ပြီးပါပြီ။ ဒီအပြောင်းအရွှေ့က ကျွန်တော့်ကို ချန်ပီယံလိဂ်ဖလားရစေလိမ့်မယ်လို့ မျှော်လင့်မိခဲ့ပေမယ့် နောက်ထပ်ပရီးမီးယားလိဂ်ဖလားတောင် ဘယ်နေမှန်းမသိသေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။