ယူနိုက်တက်က EPL ဖလားရသွားတာလားလို့ ထင်မိခဲ့တဲ့ ဆောက်သမ်တန်နည်းပြ

ဆောက်သမ်တန်နည်းပြ ဟာဆန်ဟက်တယ်က တနင်္ဂနွေနေ့ညက မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီးမှ ၃-၂ နဲ့ အနိုင်ပြန်ရသွားခဲ့ပြီးနောက် အဝတ်လဲခန်းအတွင်းမှာ ပရီးမီးယားလိဂ်ဖလားရသလို အောင်ပွဲခံနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီမှာ အိမ်ကွင်းထက် အဝေးကွင်းရလဒ်တွေက ပိုမိုကောင်းမွန်နေခဲ့ပြီး အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်အဝေးကွင်း ၈ ပွဲဆက်တိုက်အနိုင်ရရှိတဲ့စံချိန်သစ်ကို ရရှိခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ပထမပိုင်းမှာ ဘတ်နာရက်နဲ့ ၀ါ့ဒ်ပရော့စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ယူနိုက်တက်ကို ဦးဆောင်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းအစမှာ နည်းပြဆိုးလ်ရှားက တပြိုင်တည်း ကစားသမား ၂ ဦးအထိ လဲလှယ်ပြီး အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားရဲ့ လူစားလဲလှယ်မှုတွေက အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး လူစားဝင်ကစားခဲ့တဲ့ တိုက်စစ်မှူး ကာဗာနီဟာ အသင်းဖော် ဘရူနိုဖာနန်ဒက်စ်ကို ဂိုးဖန်တီးပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း နိုင်ပွဲအတွက် အရေးပါတဲ့ သွင်းဂိုး ၂ ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ပွဲအပြီးအင်တာဗျူးမှာ ဆောက်သမ်တန်နည်းပြ ဟာဆန်ဟက်တယ်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဝတ်လဲခန်းအတွင်း အောင်ပွဲခံမှုနဲ့ပတ်သက်ပြီး ခနဲ့တဲ့တဲ့နဲ့ ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

“ခင်ဗျား သူတို့ အဝတ်လဲခန်းထဲမှာ အောင်ပွဲခံနေကြတာကို ကြားနိုင်ပါတယ်။ ခင်ဗျား သိလား။ ဒီနေ့ ဘာတွေလုပ်ခဲ့လဲဆိုတာနဲ့ ခင်ဗျား ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်က ဘယ်လောက်အထိ ခက်ခဲလို့လဲဆိုတာ။ ဘာလို့လဲဆိုတော့ သူတို့တေါက မသိရင် ပရီးမီးယားလိဂ်ဖလားကြီးကို အနိုင်ရခဲ့တဲ့တိုင်းပဲ အောင်ပွဲခံနေကြလို့လေ”လို့ ပြောကြားခဲ့ပါတယ်။