UEFA ရဲ့အကောင်းဆုံးအသင်းအတွက် ဆန်ခါတင်မှာ ၁၇ နှစ်ဆက်တိုက်ပါဝင်ခဲ့တဲ့ ရော်နယ်ဒို

ဥရောပဘောလုံးအဖွဲ့ချုပ်က တစ်နှစ်တာအကောင်းဆုံး အမျိုးသားနဲ့ အမျိုးသမီးအသင်းတို့အတွက် ဆန်ခါတင်ကစားသမားစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ဂျူဗင်တပ်ကြယ်ပွင့် ရော်နယ်ဒိုလည်း နောက်ထပ်တစ်ကြိမ် ထပ်မံပါဝင်ခဲ့ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယူအီးအက်ဖ်အေရဲ့တစ်နှစ်တာအကောင်းဆုံးအမျိုးသားအသင်းအတွက် ဆန်ခါတင်စာရင်းမှာ ၁၇ နှစ်ဆက်တိုက် ရွေးချယ်ခြင်းခံခဲ့ရပေမယ့် ဥရောပချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းအတွက်ကတော့ အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေဟာ အင်္ဂါနေ့နံနက်မှာ ပရိသတ်တွေ မဲပေးရွေးချယ်ခဲ့တဲ့ ကစားသမားစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ဆန်ခါတင်စာရင်းထဲမှာ ဘိုင်ယန်မြူးနစ်က လီဗာပူးကို ပြောင်းရွှေ့သွားတဲ့ အယ်ကန်တာရာအပါအဝင် ကစားသမား ၁၀ ဦးနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့နောက်မှာတော့ လီဗာပူးနဲ့ ပီအက်စ်ဂျီတို့က ဆန်ခါတင်စာရင်းဝင် ကစားသမား ၈ ဦးနဲ့ ဒုတိယလိုက်နေတာဖြစ်ပါတယ်။ ထုတ်ပြန်ကြေညာခဲ့တဲ့ ကစားသမား ၅၀ ဦးစာရင်းကို ယူအီးအက်ဖ်အေက ကစားသမားတွေရဲ့ ၂၀၂၀ ခုနှစ်အတွင်း သက်ဆိုင်ရာ ဥရောပနဲ့ ပြည်တွင်းပြိုင်ပွဲက စွမ်းဆောင်ရည်ပေါ် အခြေခံပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့သြဂုတ်လမှာ ဥရောပဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအရှိဆုံးဆုဖလားကို ၆ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး ယူအီးအက်ဖ်အေရဲ့တစ်နှစ်တာအကောင်းဆုံးအသင်းလူစာရင်း ၁၁ ဦးထဲမှာ လီဝန်ဒေါစကီးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲက အနိုင်ဂိုးရှင် ကင်းစလေကိုမန်းတို့ ပါဝင်ဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။

ဆန်ခါတင်စာရင်းထဲမှာ အယ်လ်ဖွန်ဆိုဒေးဗီးစ်က အသက် ၂၀ နဲ့ အငယ်ဆုံး ဆန်ခါတင်စာရင်းဝင်ဖြစ်ခဲ့ပြီး အသက် ၃၆ နှစ်အရွယ် သီယေဂိုဆေးလ်ဗားက အသက်အကြီးဆုံးဖြစ်ခဲ့ပါတယ်။