ဆိုးရွားလွန်းတဲ့ခံစစ်နဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရတဲ့ ရီးရဲမက်ဒရစ်

ရီးရဲမက်ဒရစ်အသင်းဟာ အင်္ဂါနေ့ညနေက ရှက်တာဒိုးနတ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ လှည့်ပြန်ရဖို့ ပိုမိုနီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ရှက်တာဒိုးနတ်အသင်းကို ဒုတိယပိုင်းမှာ ၂ ဂိုးအထိ ခွင့်ပြုခဲ့ရပြီးနောက် ရမှတ် ၃ မှတ်ပေးလိုက်ရတာဖြစ်ပြီး ၅၇ မိနစ်မှာ ဒန်တင်ဟိုသွင်းယူခဲ့တဲ့ အဖွင့်ဂိုးမှာ ရီးရဲမက်ဒရစ်ရဲ့ ခံစစ်ကတော်တော်လေး ဆိုးရွားနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ရီးရဲမက်ဒရစ်ကစားသမားတွေဟာ နောက်တန်းကို ပြန်ဆင်းဖို့ ကြိုးပမ်းခဲ့ကြတာကို မြင်တွေ့ခဲ့ရပြီး ပိုက်ကွန်နဲ့ ပစ်ဖမ်းမယ်ဆိုရင်တောင် အနည်းဆုံး ကစားသမား ၅ ဦးလောက် မိလောက်တဲ့အထိ စုပြုံတိုးဝှေ့နေခဲ့တာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်ရဲ့ ခံစစ်က ဘယ်လောက်တောင် ညံ့ဖျင်းလဲဆိုတာကို သိရှိစေမယ့် ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီး မြင်တွေ့ရသူတိုင်းက မရယ်မောဘဲ မနေနိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ အဲဒီပုံထဲကအတိုင်း နောက်တန်းကို ပြန်ပြေးနေကြပြီး သိပ်မကြာမီမှာပဲ ဖာလန်းမန်ဒီနဲ့ ဗာရာနီတို့ဟာ ဒန်တင်ဟိုကို အဖွင့်ဂိုးသွင်းယူနိုင်မယ့် ရွှေရောင်အခွင့်အရေးကို ပေးခဲ့တာဖြစ်ပြီး ရီးရဲမက်ဒရစ်မှ ဟုတ်ရဲ့လားလို့တောင် သံသယဝင်လောက်တဲ့အထိ ဖရိုဖရဲတွေ ဖြစ်နေခဲ့တာဖြစ်ပါတယ်။