ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်က ၎င်းတို့နဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေက ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးသွင်းစံချိန်တွေကြောင့် ပီအက်စ်ဂျီအသင်းဟာ စတင်ပြီး စိတ်အနှောင့်ယှက်ဖြစ်နေပြီလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီအသင်းကို နာမည်ကျော် နောက်ကျပင်နယ်တီသွင်းဂိုးနဲ့ ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့တာဖြစ်ပြီး ယခုရာသီအစောပိုင်းမှာလည်း နောက်ထပ် အနိုင်ဂိုးကို သွင်းယူခဲ့သူဖြစ်ပါတယ်။
မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ၂ ကြိမ်စလုံးကို ပီအက်စ်ဂျီအသင်းရဲ့အိမ်ကွင်းမှာ သွင်းယူခဲ့တာဖြစ်ပြီး တူချယ်က ပီအက်စ်ဂျီဟာ ရက်ရှ်ဖို့ဒ်ကို အသိအမှတ်ပြုချီးကျူးချင်ပေမယ့် ၎င်းတို့နဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် သူ အင်္ဂလန်မှာ ကစားတဲ့အချိန်မှာ အရမ်းကို တန်ဖိုးထားပါတယ်။ ပါ့စ်ဒက်စ်ပရင့်စ်မှာတော့ မဟုတ်ပါဘူး။ ရိုးရိုးသားသားပြောတာပါ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ပီအက်စ်ဂျီနဲ့ ဂိုးသွင်းစံချိန်က နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်လာလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
တူချယ်က ရက်ရှ်ဖို့ဒ်ရဲ့ ကိုယ်ရည်ကိုယ်သွေးအရည်အချင်းကို ချီးကျူးခဲ့ပြီး နှိမ့်ချတတ်တဲ့သဘောကောင်းတဲ့သူတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

“ကျွန်တော့်တစ်ဦးတည်းအမြင်အရတော့ အားကစားဘက်ကတော့ ရှင်းပါတယ်။ သူရဲ့လျင်မြန်မှု၊ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်၊ သူ့ရဲ့ စိတ်ပိုင်းဖြတ်နိုင်မှုနဲ့ အဆုံးသတ်ပိုင်းက ကြီးမားတဲ့ခြိမ်းခြောက်မှုပါ”
“သူက အရမ်းတိကျပြီး ဂိုးဧရိယာ အပြင်ကရော အတွင်းမှာပါ ကန်သွင်းမှုတွေ ပြုလုပ်နိုင်ပါတယ်။ သူက တန်ပြန်တိုက်စစ်မှာ အရမ်းကို လျင်မြန်ပြီး လေထဲမှာ ခေါင်းတိုက်ရာမှာလည်း အားသန်ပါတယ်။ သူက ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိသူဖြစ်ပြီး အကယ်ဒီကနေ ယူနိုက်တက်လို ကြီးမားတဲ့အသင်းမှာ ဒီလို အကျိုးသက်ရောက်မှုတွေ လုပ်ပြနိုင်တာကို မြင်ရတာ အရမ်းကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။