ဘတ်ပီကို ခေါ်ယူနိုင်ဖို့အတွက် ဟာဇက်ကို ငါးစာအဖြစ် အသုံးပြုမယ့် ရီးရဲမက်ဒရစ်

ရီးရဲမက်ဒရစ်အသင်းဟာ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ဘတ်ပီကို ခေါ်ယူနိုင်ဖို့အတွက် အီဒင်ဟာဇက်ကို အလိုက်ပေးကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

ဟာဇက်ဟာ ၂၀၁၉ ခုနှစ် ဇွန်လက ချယ်ဆီးအသင်းကနေ ရီးရဲမက်ဒရစ်ကို ပေါင်သန်း ၁၃၀ နဲ့ ပြောင်းရွှေ့လာပြီးကတည်းက ဒဏ်ရာပြဿနာ၊ ကြံ့ခိုင်မှုပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရသူဖြစ်ပါတယ်။ El Chiringuito ရဲ့ ဖော်ပြချက်အရ ရီးရဲမက်ဒရစ်အသင်းဟာ ဟာဇက်နဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့ ဆုံးရှုံးမှုတွေကို ရပ်တန်းက ရပ်လိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

ရီးရဲမက်ဒရစ်က ဟာဇက်ဟာ အသက် ၂၁ နှစ်အရွယ် ပီအက်စ်ဂျီတိုက်စစ်မှူး ဘတ်ပီကို ခေါ်ယူဖို့အတွက် သဘောတူညီမှုကို ပိုမိုဆွဲဆောင်မှုရှိလာအောင် ထည့်သွင်းကမ်းလှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဟာဇက်ဟာ ယခုလအစောပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့အချိန်မှာ ၎င်းရဲ့ စပိန်က အိပ်မက်ဆိုးကာလတွေကို ဆက်လက်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဟာဇက်ဟာ စနေနေ့က အလာဗက်စ်ကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ၂၀၂၁ ခုနှစ်အစအထိ လွဲချော်တော့မှာဖြစ်ပါတယ်။