လာမယ့်ရာသီ မက်ဆီနဲ့ အတူတူပြန်ကစားချင်တယ်ဆိုတဲ့ နေမာ

ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးနေမာနဲ့ အာဂျင်တီးနားကြယ်ပွင့်မက်ဆီတို့ဟာ နူးကမ့်မှာ အတူတူကစားခဲ့တဲ့ လေးရာသီအတွင်း ကြီးမားတဲ့အကျိုးသက်ရောက်မှုအဖြစ် ပေါင်းစပ်ခဲ့ကြတာဖြစ်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းဖော်ဟောင်း လီယွန်နယ်မက်ဆီနဲ့အတူ ကစားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ နေမာနဲ့မက်ဆီတို့ဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဘာစီလိုနာအသင်းမှာ အတူတူကစားခဲ့ကြသူတွေဖြစ်ပြီး ပြိုင်ဘက်အသင်းခံစစ်ကစားသမားတွေအားလုံးအတွက် အိပ်မက်ဆိုးတွေ ပေးခဲ့ကြတာဖြစ်ပါတယ်။

လူးဝစ္စဆွာရက်ဇ်နဲ့အတူ နေမာနဲ့ မက်ဆီတို့ဟာ ဘာစီလိုနာအသင်းကို လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်နဲ့ ကိုပါဒယ်ရေးဖလား ၃ ကြိမ် ကိုင်မြှောက်နိုင်အောင် ကူညီပေးခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ နေမာက ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

နေမာဟာ နူးကမ့်ကို စွန့်ခွာပြီးကတည်းက ဘာစီလိုနာအသင်းကို ပြန်သွားဖို့ သတင်းတွေမကြာခဏ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး အကြိမ်ပေါင်းများစွာ ပြန်လည်ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဖြစ်နေချိန်မှာ အသင်းကနေ ထွက်ခွာခွင့်တောင်းခံရလောက်အောင် ဆိုးရွားလွန်းတဲ့နွေရာသီကို ရင်ဆိုင်ခဲ့ပြီးနောက် မက်ဆီရဲ့ ဘာစီလိုနာအသင်းနဲ့ အနာဂတ်ဟာ တော်တော်လေးဝေ၀ါးနေပြီဖြစ်ပြီး ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

မက်ဆီနဲ့ ပြန်လည်ပေါင်းစည်းဖို့က ဖြစ်လာမလား မရှင်းလင်းသေးပေမယ့်လည်း နေမာက မန်ချက်စတာယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပွဲစဉ်အပြီးမှာ မက်ဆီနဲ့ နောက်ထပ်တစ်ကြိမ် အတူတူ တွဲကစားချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အလိုချင်ဆုံးအရာက သူနဲ့အတူ နောက်ထပ်တစ်ကြိမ် ကစားဖို့ပါပဲ။ သူ ကျွန်တော့် နေရာမှာ ကစားနိုင်ပါတယ်။ အဲဒါက ကျွန်တော့်အတွက် ဘာမှ ပြဿနာမဟုတ်ပါဘူး။ သေချာတာကတော့ နောက်နှစ်မှာ ကျွန်တော်တို့ မက်ဆီကို ခေါ်ဖို့ လုပ်ရမှာပါ”လို့ ESPN ကို ပြောကြားခဲ့ပါတယ်။