ယူနိုက်တက်ကို အနိုင်ရအပြီး ဂုဏ်ဆာခဲ့တဲ့ နေမာ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည ချန်ပီယံလိဂ်ပွဲစဉ်မှာ အဖွင့်ဂိုးနဲ့ တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ပထမပိုင်း စစချင်း ၆ မိနစ်မှာပဲ နေမာရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ၃၂ မိနစ်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ်က ယူနိုက်တက်အတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက ဦးဆောင်ဂိုးရရှိဖို့အတွက် အခွင့်အရေးတွေရရှိခဲ့ပေမယ့် တိုက်စစ်မှူး မာရှယ်ရဲ့ အဆုံးသတ်ညံ့ဖျင်းမှု၊ ကာဗာနီရဲ့ ဂိုးတိုင်ထိသွားတဲ့ ကန်သွင်းမှုတို့ကြောင့် ဦးဆောင်ဂိုးမရရှိခဲ့တာဖြစ်ပါတယ်။

၆၉ မိနစ်မှာ မာကွင်ဟို့စ်က ဒီရယ်လိုရဲ့ ပေးပို့မှုကနေတဆင့် ဒီဂီယာနဲ့ တစ်ဦးချင်း အနီးကပ် ကန်သွင်းယူပြီး ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပြီး ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၁ မိနစ်မှာ နေမာက နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ ပွဲအပြီးမှာ ၎င်းအနေနဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တာဟာ ယူရိုပါလိဂ်ကစားချင်လို့မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ဘယ်တုန်းကမှ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေလည်း လှည့်မပြန်ခဲ့ရဖူးဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဘယ်တုန်းကမှ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ လှည့်မပြန်ခဲ့ရဖူးပါဘူး။ ယူရိုပါလိဂ်မှာလည်း မကစားခဲ့ရဖူးပါဘူး။ အဲဒါက ဘယ်တော့မှ ကျွန်တော့်အတွေးထဲကို ဝင်လာမှာမဟုတ်ပါဘူး။ ဒီလို ခက်ခဲတဲ့အခိုက်အတံ့တွေ ရောက်လာတဲ့အခါမှာ ကျွန်တော် တဖြည်းဖြည်းချင်းတိုးတက်ပြောင်းလဲလာနိုင်ပြီး ကိုယ့်တာဝန် ကိုယ်ယူနိုင်ပါတယ်။ ကျွန်တော် ဒီကို ယူရိုပါလိဂ်ကစားဖို့ လာခဲ့တာမှမဟုတ်တာ”လို့ ပြောကြားခဲ့ပါတယ်။