ဖရက်ဒ်ကို လူစားလဲဖို့ စဉ်းစားရင်းနဲ့ မလဲဖြစ်ခဲ့တာလို့ ဝန်ခံခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဒ်ဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်မခံရမီ ပထမအကြိမ် အဝါကဒ် ပြသခံခဲ့ရပြီးနောက် နည်းပြဆိုးလ်ရှားက လူစားလဲဖို့ စဉ်းစားခဲ့ကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။

ဖရက်ဒ်ဟာ ပထမပိုင်း ၂၃ မိနစ်မှာ ပီအက်စ်ဂျီကွင်းလယ်ကစားသမား ပါရီဒက်စ်ကို ခေါင်းနဲ့တိုက်ခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က အဝါကဒ် ပြသခဲ့တာဖြစ်ပြီး ယင်းဖြစ်ရပ်မှာ အနီကတ် ပြသသင့်တယ်လို့ အများစုက ယူဆခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်လည်ကြည့်ရှုခဲ့ပြီးနောက် အဝါကတ်ပြားသာ ပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖရက်ဒ်ဟာ ဒုတိယပိုင်းမိနစ် ၇၀ မှာ မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်းဖြစ်တဲ့ အန်ဒါဟာရဲရားကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ၂ ၀ါ ၁ နီနဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပြီး ယင်းအချိန်မှာ မန်ချက်စတာယူနိုက်တက်က ၂-၁ နဲ့ နောက်ကနေ လိုက်ကစားနေခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားက ပထမပိုင်းမှာ ဖရက်ကို လူစားလဲဖို့ စဉ်းစားခဲ့ကြောင်း ဝန်ခံခဲ့ပေမယ့် ဒုတိယပိုင်းမှာ စိတ်အေးအေးထားပြီး ကစားဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ဟုတ်တာပေါ့။ သူ့ကို လူစားလဲဖို့ စဉ်းစားခဲ့ပါတယ်။ ဖရက်ဒ်က ကောင်းကောင်းကစားခဲ့တာပါ။ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်ဖို့ ပြောခဲ့ကြတယ်။ ဒုတိယအဝါကဒ်က ပြစ်ဒဏ်ကျူးလွန်မှုမဟုတ်ခဲ့ပါဘူး။ ဟာရဲရားလည်း သိပါတယ်။ ဖရက်ဒ်အနေနဲ့ ပထမအဝါကဒ်မှာ သူ့ရှေ့ကို ခေါင်းမတိုးသွားခဲ့သင့်ဘူး၊ သူ ပါရီဒက်စ်ကို ထိခဲ့တယ်လို့ မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ပထမအကြိမ်မှာ အနီကဒ်မထိခဲ့တာ ကံကောင်းခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။