အခြေအနေ ၂ ခုကို စောင့်ကြည့်ပြီးမှ မန်စီးတီးကို ပြောင်းမယ့် မက်ဆီ

ဘာစီလိုနာကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ မန်ချက်စတာစီးတီးအသင်းမှာ ဆာဂျီယိုအဂူရိုနဲ့ ပက်ဂွါဒီယိုလာတို့ ၂ ဦးစလုံးရှိနေမှ လာမယ့်နွေရာသီမှာ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့လိမ့်မယ်လို့ SportsMole က ဖော်ပြခဲ့ပါတယ်။

လီယွန်နယ်မက်ဆီရဲ့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လာမယ့် ဇန်နဝါရီလမှာ ဘာစီလိုနာအသင်းက မက်ဆီကို အခြားအသင်းတွေနဲ့ ညှိနှိုင်းဆွေးနွေးခွင့်ပြုရတော့မှာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း မက်ဆီဟာ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် အဓိကကစားသမားအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ ဘာစီလိုနာနဲ့ အာဂျင်တီးနားအသင်းအတွက် ယခုရာသီမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတယ်လို့ Whoscored ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၎င်းတို့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ခြင်းမရှိသေးဘဲ တစ်ပွဲလျော့နဲ့ အဆင့် ၁၀ နေရာမှာသာ ရပ်တည်နေရတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့တသက်တာထိပ်တန်းဂိုးသွင်းရှင် အဂူရိုဟာ ဒဏ်ရာကြောင့် ရာသီရဲ့အရေးကြီးတဲ့အပိုင်းကို လွဲချော်နေတာကြောင့် မန်စီးတီးဟာ ၇ ပွဲမှာ ၁၀ ဂိုးသာ သွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။ အဂူရိုရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး မန်စီးတီးက အာဂျင်တီးနားဝါရင့်တိုက်စစ်မှူးကို စာချုပ်သစ်ကမ်းလှမ်းဖို့ အရိပ်အယောင်မပြသထားတာဖြစ်ပါတယ်။

နည်းပြပက်ဂွါဒီယိုလာရဲ့ စာချုပ်သက်တမ်းကလည်း လာမယ့်နှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး သတင်းဌာနတွေရဲ့ပြောကြားချက်အရ မန်ချက်စတာစီးတီးအသင်းက နောက်ထပ်နည်းပြသစ် အစားထိုးခန့်အပ်ဖို့ ရှာဖွေနေကြောင်း သိရပါတယ်။