မဲခွဲရလဒ်အရ တိုက်ပွဲတွေပြင်းထန်ဦးမယ့် နေးရှင်းလိဂ်ဆီမီးဖိုင်နယ်

ယမန်နေ့ညနေက နေးရှင်းလိဂ် ဖိုင်နယ်အဆင့်တွေအတွက် မဲခွဲပွဲ ပြုလုပ်ခဲ့ပြီး လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်က ကမ္ဘာ့အဆင့်သတ်မှတ်ချက် နံပါတ်တစ်ဖြစ်တဲ့ ဘယ်လ်ဂျီယမ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အိမ်ရှင် အီတလီကတော့ စပိန်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

မီလန်နဲ့ တူရင်မြို့တွေမှာ ဒုတိယမြောက် နေးရှင်းလိဂ်ဖိုင်နယ်ပြိုင်ပွဲတွေကို လက်ခံကျင်းပမှာ ဖြစ်ကြောင်း ကြာသပတေးနေ့မှာ အတည်ပြုခဲ့တာဖြစ်ပြီး အီတလီအသင်းဟာ အောက်တိုဘာ ၆ ရက်မှာ လူးဝစ်အင်းနရစ်ရဲ့စပိန်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး ၇ ရက်နေ့မှာတော့ ပြင်သစ်အသင်းက ဘယ်လ်ဂျီယမ်ကို ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ယင်းပွဲစဉ် ၂ ပွဲက အနိုင်ရရှိတဲ့အသင်း ၂ သင်းဟာ အောက်တိုဘာ ၁၀ ရက်နေ့ မီလန်မြို့မှာ ကျင်းပမယ့် နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ တွေ့ဆုံရမှာဖြစ်ပြီး တတိယနေရာလုပွဲကိုလည်း တစ်နေ့ထဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြင်သစ်နဲ့ ဘယ်လ်ဂျီယမ်တို့ဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့ဖူးတဲ့ ပြိုင်ဘက်ဟောင်းတွေဖြစ်ပြီး ဘယ်လ်ဂျီယမ်ကတော့ ကမ္ဘာ့ဖလားမကျေပွဲကို ပြန်နွှဲသွားရမှာဖြစ်ပါတယ်။

စပိန်ကတော့ ၂၀၁၇ တုန်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အီတလီနဲ့ တွေ့ဆုံခဲ့ဖူးပြီး နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မတိုင်ခင် ဇွန်လမှာကစားမယ့် ယူရို ၂၀၂၀ မှာလည်း ထပ်မံ တွေ့ဆုံနိုင်ခြေရှိနေတာဖြစ်ပြီး ယမန်နှစ်က နေးရှင်းလိဂ်ပြိုင်ပွဲ ဖိုင်နယ်မှာတော့ ဂွန်ကာလို ဂွဲဒက်စ်ရဲ့ သွင်းဂိုးနဲ့ ပေါ်တူဂီက နယ်သာလန်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ပထမဆုံးနေးရှင်းလိင်္ဂချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။