ကွင်းဝင်ခွင့်ရတယ်ဆိုတာနဲ့ အသင်းကို ဆန္ဒထုတ်ဖော်ခဲ့တဲ့ အာဆင်နယ်ပရိသတ်

အာဆင်နယ်ပရိသတ်တွေဟာ ကြာသပတေးနေ့ညနေက ရက်ပစ်ဝင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်း အိုဇေးလ်ကို လူစာရင်းထဲ ပြန်ထည့်ဖို့အတွက် ဆိုင်းဘုတ်ထောင်ဆန္ဒပြခဲ့ကြပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ ၈ လအကြာမှာ အမ်းမရိတ်စ်ကွင်းထဲကို ပထမဆုံးအကြိမ် ပြန်လည်ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့တာဖြစ်ပြီး ရက်ပစ်ဝင်းနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွက် ပွဲကြည့်စင်မှာ ပရိသတ်ဦးရေ ၂၀၀၀ လာရောက်ကြည့်ရှုခွင့်ရခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းလာဘ်ကောင်ရုပ်ဖြစ်တဲ့ ဂန်းနားဆောရက်စ်ကလည်း အချိန်အတော်ကြာ အလုပ်လက်မဲ့ဖြစ်နေခဲ့ပြီးနောက် ကွင်းအတွင်းမှာ ပြန်လည်ပါဝင်ခွင့်ရခဲ့တာဖြစ်ပေမယ့် နောက်ထပ်တစ်ကြိမ် အိုဇေးလ်ရဲ့အရိပ်အယောင်တောင် မတွေ့ခဲ့ရတာဖြစ်ပါတယ်။

တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ နဲ့ အာဆင်နယ်အသင်းရဲ့ လစာအများဆုံးကစားသမားဖြစ်တဲ့ အိုဇေးလ်ဟာ ယခုရာသီမှာ တစ်ပွဲမှ ပါဝင်ကစားပေးရခြင်းမရှိသေးသူဖြစ်ပြီး နည်းပြအာတီတာက ပရီးမီးယားလိဂ်လူစာရင်းမှာရော၊ ယူရိုပါလိဂ်လူစာရင်းမှာပါ ဂျာမန်ကွင်းလယ်ကစားသမားကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

အမှန်တော့ အိုဇေးလ်ဟာ ပြီးခဲ့တဲ့မတ်လကတည်းက ဘောလုံးတစ်ချက်မှ မထိခဲ့ရတာဖြစ်ပြီး ပရိသတ်တစ်ဦးက ဂျာမန်ကစားသမားကို ပြန်လည်ခေါ်ယူဖို့အတွက် တစ်ခုခုလုပ်မှဖြစ်တော့မယ်လို့ ဆုံးဖြတ်ခဲ့တဲ့ပုံနဲ့ အိုဇေးလ်ကို ပြန်ခေါ်ပေးဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်အုပ်စု B ပွဲစဉ်ဖြစ်တဲ့ ရက်ပစ်ဝင်းနဲ့ပွဲစဉ်မှာ ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီး အာဆင်နယ်အတွက် သွင်းဂိုးတွေကို လာကာဇက်၊ ပါဘလိုမာရီ၊ အန်ခီတီရာနဲ့ စမစ်ရိုးတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။