VAR ကို အမုန်းတီးဆုံးပရိသတ်တွေက ယူနိုက်တက်နဲ့လီဗာပူးပရိသတ်တွေဖြစ်နေ

BBC Sport က ကောက်ယူခဲ့တဲ့ အွန်လိုင်းမဲဆန္ဒခံယူမှုမှာ ဗြိတိန်နိုင်ငံတလွှားက ဘောလုံးပရိသတ်ရဲ့ ၃ ပုံ ၁ ပုံကသာ VAR က ဘောလုံးပြိုင်ပွဲတွေကို ပိုမိုကောင်းမွန်စေတယ်လို့ ယုံကြည်နေကြပြီး ၄၄ ရာခိုင်နှုန်းကတော့ လှပတဲ့ကစားပွဲကို ပိုမိုရုပ်ဆိုးစေတယ်လို့ ခံစားနေရပါတယ်။

VAR ကို အင်္ဂလိပ်ဘောလုံးပြိုင်ပွဲတွေမှာ ၂၀၁၈ ခုနှစ်က စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအစမှာ အပြည့်အဝ အသုံးပြုခဲ့တာဖြစ်ပါတယ်။ VAR ဟာ ဆက်တိုက်ဆိုသလို အငြင်းပွားစရာတွေကို ဖန်တီးခဲ့ပြီး အထူးသဖြင့် ပင်နယ်တီဧရိယာထဲက လက်ထိဘောတွေနဲ့ပတ်သက်ပြီး အငြင်းပွားစရာဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လူကျွံထောင်ချောက်တွေမှာ အသေးစိတ်တိကျတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်လေ့ရှိပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကိုတောင် ပြောင်းလဲစေနိုင်တဲ့အထိ လုပ်ပိုင်ခွင့်ရှိနေတာဖြစ်ပါတယ်။

သေချာတာကတော့ VAR ကို မိတ်ဆက်ခဲ့တဲ့အတွက် ပွဲချိန်အတွင်း နာကျင်အချိန်ပို ပိုမိုပေးလာရသလို ဂိုးသွင်းယူပြီးနောက် VAR အဆုံးအဖြတ်ကို ခံယူပြီးမှသာ ကစားသမားတွေ၊ နည်းပြတွေ၊ ပရိသတ်တွေက အောင်ပွဲခံရမလား၊ စိတ်ပျက်ရမလားဆိုတာကို သိရှိနိုင်တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ လက်ရှိမှာ VAR ခေတ်ကို ဖြတ်သန်းခဲ့တာ ၁၈ လနီးနီးရှိလာခဲ့ပြီဖြစ်ပေမယ့် ဘောလုံးပရိသတ်တွေအားလုံးက VAR စနစ်ဟာ ဘောလုံးပွဲကို ပိုမိုကောင်းမွန်စေတယ်လို့ ယုံကြည်ခြင်းမရှိသေးတာဖြစ်ပါတယ်။

အထူးသဖြင့် အသက်အရွယ်ကြီးရင့်တဲ့ပရိသတ်တွေက VAR ကို စိတ်ပျက်စရာလို့ မြင်ကြသလို ၅၉ ရာခိုင်နှုန်းက ဘောလုံးပွဲရသကို ပျက်စီးစေတယ်လို့ မဲပေးခဲ့တာဖြစ်ပြီး လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကလည်း အဲဒီအတိုင်းပဲ ရှုမြင်ထားတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ယခုရာသီမှာ VAR ရဲ့ ဂိုးခွင့်မပြုခြင်းကို အများဆုံး ခံထားရတဲ့အသင်းဖြစ်ပြီး ၁၀ ပွဲမှာ ၅ ဂိုးအထိ ဂိုးအဖြစ် ခွင့်ပြုဖို့ ငြင်းပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူးပရိသတ်တွေရဲ့ ၂၆ ရာခိုင်နှုန်းက VAR ဟာ ဘောလုံးပွဲကို ပိုမိုစိတ်လှုပ်ရှားစေတယ်လို့ ယုံကြည်နေချိန်မှာ ၃၄ ရာခိုင်နှုန်းကပဲ ဘောလုံးပြိုင်ပွဲကို တိုးတက်စေတယ်လို့ ယုံကြည်နေတာဖြစ်ပြီး ၂၈ ရာခိုင်နှုန်းကတော့ တသမတ်တည်းဖြစ်အောင် အသုံးပြုတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကတော့ ယခုရာသီမှာ ၎င်းတို့အသင်းရဲ့ သွင်းဂိုး ၂ ဂိုးကို VAR က ငြင်းပယ်ခဲ့တာကြောင့် ၃၂ ရာခိုင်နှုန်းသာ VAR က အားကစားပြိုင်ပွဲကို တိုးတက်စေတယ်လို့ ခံစားရပြီး ၂၉ ရာခိုင်နှုန်းက VAR ကို အသုံးပြုခြင်းက ဘောလုံးပွဲကို ပိုမိုစိတ်လှုပ်ရှားစရာကောင်းတဲ့ပြိုင်ပွဲဖြစ်စေတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။