ဆိုးလ်ရှားကို မက်ဆီနဲ့ ရော်နယ်ဒိုတို့လို ဆက်ဆံရမယ့်ကစားသမားကို ပြောပြခဲ့တဲ့ ဆာဟာ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း လူးဝစ္စဆာဟာက ယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ စူပါစတားတွေလိုမျိုး ဆက်ဆံမှုကို ခံရဖို့အတွက် ထိုက်တန်ပြီးသားဖြစ်တယ်လို့ ထင်မြင်နေပါတယ်။

လူးဝစ္စဆာဟာဟာ အသင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီး မကြာခဏ အမြင်တွေကို မျှဝေလေ့ရှိတဲ့ ယူနိုက်တက်ဂန္တဝင်ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ရက်ရှ်ဖို့ဒ်ရဲ့ တိုးတက်နေမှုကို ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားအချို့ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့အပေါ် အသင်းတွေက လုပ်ပေးခဲ့တဲ့အတိုင်း အားပေးထောက်ခံသင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူက ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး နှိမ့်ချတတ်တဲ့သူပါ။ အသက် ၂၃ နှစ်အရွယ်မှာပဲ သူက လူစာရင်းထဲမှာ အသက်အကြီးဆုံးကစားသမားဖြစ်လုနီးပါးဖြစ်နေပြီဖြစ်ပြီး ခေါင်းဆောင်တွေထဲက တစ်ဦးပါ”

“သူက ဥရောပမှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး သူ အလယ်ကို ရောက်နေတဲ့အခါမှာ သူ မကစားနိုင်ပါဘူး။ သူ့ရဲ့နည်းပြတွေအနေနဲ့ သူ့ရဲ့တကယ့်နေရာကို ထားဖို့လိုပြီး နေမာ၊ မက်ဆီ ဒါမှမဟုတ် ရော်နယ်ဒိုတို့လိုမျိုးပေါ့”လို့ ပြောကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဟာ နောက်ကျောဒဏ်ရာကြောင့် ၂၀၂၀-၂၀၂၁ ရာသီအစပွဲစဉ်အများစုကို လွဲချော်ခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း ပုခုံးဒဏ်ရာကို ခံစားနေရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြဆိုးလ်ရှားက ကြယ်ပွင့်တိုက်စစ်မှူးဟာ လေ့ကျင့်ရေးပြုလုပ်ခဲ့ပြီးဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာ ထည့်သွင်းကစားနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

“မားကပ်စ်က ဒီမနက်တောင် လေ့ကျင့်ရေး ပြုလုပ်ခဲ့ပါသေးတယ်။ အပြည့်တော့မဟုတ်ပေမယ့် သူ အသင်းနဲ့ ပူးပေါင်းခဲ့ပါတယ်။ သူ့ရဲ့ ပုခုံးပြဿနာက ပွဲပြီးတဲ့ထိ မကစားနိုင်အောင် ဖြစ်စေခဲ့ပါတယ်။ အဲဒီတော့ သူ ကုသမှုခံယူခဲ့ပြီး စနေနေ့ညနေပွဲအတွက် တစိတ်တပိုင်းပါဝင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ယမန်နေ့ညက ပြောကြားခဲ့တာဖြစ်ပါတယ်။