၆ ပေအမြင့်က ဘောလုံးကို ခုန်ပျံပြီး အံ့အားသင့်ဖွယ်ထိန်းသိမ်းပြခဲ့တဲ့ မက်ဆီ

အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ ပါရာဂွေးနဲ့ပွဲစဉ်မှာ ခန့်မှန်းခြေ ၆ ပေအမြင့်မှာရှိတဲ့ ဘောလုံးကို ကြောင်တစ်ကောင်လို ပေါ့ပါးစွာ ခုန်ပျံပြီး လေထဲမှာ ထိန်းသိမ်းပြခဲ့ပါတယ်။

ဘလွန်းဒီအော် ၆ ဆုရှင် မက်ဆီဟာ ဘောလုံးကွင်းထဲမှာ ဒီကမ္ဘာမှာ မမြင်တွေ့နိုင်တဲ့ အံ့အားသင့်ဖွယ်အရာတွေကို လုပ်ပြလေ့ရှိသူဖြစ်ပြီး ယခုနောက်ဆုံးလုပ်ပြခဲ့တဲ့အရာက မက်ဆီအတွက်တောင်မှ ထူးခြားနေလိမ့်မယ်လို့ ဆိုရမှာပါ။ ပထမပိုင်း တစ်ဖက် ၁ ဂိုးစီသရေနဲ့ ပွဲမပြီးဆုံးခင်မှာ အသက် ၃၃ နှစ်အရွယ်ကစားသမားက လေထဲမှာ အရှိန်နဲ့ လည်နေတဲ့ဘောလုံးကို ကြောက်မက်ဖွယ် ကရာတေးဆန်ဆန်ထိချက်နဲ့ ရပ်တန့်စေခဲ့ပြီး ပရိသတ်တွေအားလုံးကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။

ယင်းအဖြစ်အပျက်က မက်ဆီပါဝင်တဲ့ နောက်ထပ်ဘောလုံးလောကရဲ့ အကောင်းဆုံးဓာတ်ပုံတွေထဲက တစ်ပုံဖြစ်ပြီး ရုပ်သံအနှေးပြကွက်မှာ မက်ဆီရဲ့ လှပသေသပ်တဲ့ ခုန်ပျံထိန်းသိမ်းပုံကို သေချာမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီရဲ့ အရပ်အမြင့်ဟာ ၅ ပေ ၇ လက်မသာရှိပြီး အနီးနားမှာ ရပ်နေတဲ့ ၅ ပေ ၁၀ လက်မအမြင့်ရှိတဲ့ လိုဆယ်ဆိုရဲ့အရပ်ထက်တောင် ကျော်ပြီး ၆ ပေအမြင့်က အရှိန်နဲ့ လာတဲ့ ဘောလုံးကို ထိန်းသိမ်းပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အံ့သြတကြီး ချီးကျူးမှုတွေကို ခံနေရတာဖြစ်ပါတယ်။