ဂီရော့ဒ်ရဲ့ဂိုးကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့မိတဲ့ တီမိုဝါနာ

ချယ်ဆီးဝါရင့်တိုက်စစ်မှူး ဂီရော့ဒ်ဟာ စနေနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဒ်စ်နဲ့ပွဲစဉ်မှာ ပထမဆုံး ပရီးမီးယားလိဂ်ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရရှိခဲ့ပြီး ဂိုးသွင်းယူပေးခဲ့ပါတယ်။

=

ဂီရော့ဒ်ဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ တစ်ဦးတည်း လေးဂိုးသွင်းယူခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးကို နည်းပြဖရန့်လမ်းပတ်က ဆုချလိုက်တာလည်း ပါပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းဟာ ချယ်ဆီးအသင်းကို ပထမပိုင်း ၄ မိနစ်မှာပဲ ချယ်ဆီးကစားသမားဟောင်း ပက်ထရစ်ဘမ်းဖို့ဒ်ရဲ့ သွင်းဂိုးကြောင့် အဖွင့်ဂိုးကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ ဂီရော့ဒ်က ချယ်ဆီးအတွက် ချေပဂိုးဖြစ်လာစေမယ့် သွင်းဂိုးကို ကန်သွင်းယူခဲ့ပေမယ့် ထူးဆန်းစွာနဲ့ပဲ ဘောလုံးကို ဖျက်ထုတ်လိုက်တာက လိဒ်စ်ယူနိုက်တက်ကစားသမားတွေမဟုတ်ဘဲ တီမိုဝါနာ ဖြစ်နေခဲ့တာဖြစ်ပါတယ်။ မေဆင်မောင့်ရဲ့ ထောင့်ကန်ဘောကနေတဆင့် ပြင်သစ်တိုက်စစ်မှူးက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး ဂိုးပေါက်ထဲကို တန်းနေခဲ့ပေမယ့် တီမိုဝါနာက သေချာအောင် လုပ်လိုက်ခါမှ ဘောလုံးကို ဂိုးစည်းပေါ်ကနေ ရှင်းထုတ်သလိုဖြစ်ခဲ့တာဖြစ်ပါတယ်။

တီမို၀ါနာအနေနဲ့ အပိုင်သေချာနေတဲ့ဂိုးကို လွဲချော်အောင် လုပ်လိုက်တာဖြစ်ခဲ့ပြီး လာမယ့်ရက်သတ္တပတ်အနည်းငယ်မှာ ဂီရော့ဒ်ဆီက ခရစ်စမတ်ကတ်ကို မရတော့မှာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကံကောင်းစွာနဲ့ပဲ အသက် ၃၄ နှစ်အရွယ်ကစားသမားက ပထမပိုင်းမပြီးခင်မှာပဲ ရိစ်ဂျိမ်းစ်ရဲ့ ဖြတ်တင်ပေးပို့မှုကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်ကန်သွင်းနိုင်ခဲ့ပြီး ဂိုးသွင်းရှင်စာရင်းထဲကို ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။