လီဗာပူးအတွက် ပွဲဦးထွက်ပွဲစဉ်မှာ အလွဲကြီးလွဲချော်မှုနဲ့ ကြုံခဲ့ရတဲ့ ကယ်လီဟာ

လီဗာပူးအသင်းလူငယ်ဂိုးသမား ကွီလင်ကယ်လီဟာရဲ့ နာမည်ဟာ ၎င်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲစဉ်မှာ မှားယွင်းစာလုံးပေါင်းခြင်းခံခဲ့ရပါတယ်။

ကယ်လီဟာဟာ ပြီးခဲ့တဲ့အပတ်က အေဂျက်အသင်းနဲ့ပွဲစဉ်မှာ ဥရောပပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပြီး လီဗာပူးအသင်းကို ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်စေဖို့အတွက် ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် တနင်္ဂနွေနေ့ညနေက ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ဂိုးသမားဟာ ၎င်းရဲ့ ပထမဦးဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ အိမ်ကွင်းအန်းဖီးမှာ ၂ ပွဲဆက် ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး လီဗာပူးအသင်းက ၄-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီလိုမျိုး ကယ်လီဟာက အမှားမလုပ်မိအောင် နေနိုင်ခဲ့ပေမယ့်လည်း ၎င်းရဲ့ရှပ်ကို ပုံနှိပ်တဲ့သူကတော့ မမှားရမနေနိုင်ဖြစ်ခဲ့ပုံရတာကို မြင်တွေ့ခဲ့ရပါတယ်။

ပထမပိုင်းမှာ ဝတ်ဆင်ခဲ့တဲ့ ကယ်လီဟာရဲ့ ရှပ်မှာ ကယ်လီဟာရဲ့ မျိုးရိုးနာမည်ဟာ အပြည့်အစုံမဟုတ်ဘဲ ‘e’တစ်လုံး ကျန်နေခဲ့ပြီး ၎င်းရဲ့နောက်ကျောကို ဖတ်ကြည့်လိုက်တဲ့အခါမှာ ‘KELLHER 62’ဆိုပြီး ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းအပြီးမှာတော့ ကယ်လီဟာရဲ့ နာမည်မှားယွင်းနေကြောင်း သိရှိသွားခဲ့တာကြောင့် နာမည်စာလုံးပေါင်းမှန်တဲ့ ရှပ်အသစ်ကို လဲလှယ်စေခဲ့ပြီး ဒုတိယပိုင်းမှာ လူငယ်ဂိုးသမားက အံ့အားသင့်ဖွယ်လက်စွမ်းတွေကို ကွင်းအတွင်း ထပ်မံပြသခဲ့တာဖြစ်ပါတယ်။