ဘာကာနဲ့ပွဲမတိုင်မီ မက်ဆီက စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေတယ်လို့ ပြောလိုက်တဲ့ ပီယာလို

ဂျူဗင်တပ်အသင်းဟာ အင်္ဂါနေ့(ယနေ့)ညမှာ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အားလုံးက ခြေစွမ်းပြသဖို့ ရုန်းကန်နေရတဲ့ မက်ဆီကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

ဂျူဗင်တပ်နည်းပြ ပီယာလိုက ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ ကွင်းအတွင်းက ကိစ္စတွေနဲ့ ဘာမှမဆိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ခံစားနေရတယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ပါတယ်။

၂ သင်းစလုံးဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အာမခံချက်ရရှိထားပြီးဖြစ်ပေမယ့်လည်း မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ တကျော့ပြန်ပြန်လည်တွေ့ဆုံမှုက တကမ္ဘာလုံးကို စိတ်ဝင်တစားစောင့်ကြည့်ချင်အောင် ဆွဲဆောင်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုရာသီမှာ အကောင်းဆုံးခြေစွမ်းမရရှိသေးတဲ့ မက်ဆီလိုမျိုးပဲ ရုန်းကန်နေရတာဖြစ်ပြီး ပီယာလိုက မက်ဆီရဲ့ ပါရမီဟာ လျော့ကျသွားပြီဆိုတာကို မယုံကြည်ဘဲ အာဂျင်တီးနားကြယ်ပွင့်ရဲ့ ရုန်းကန်နေရမှုက အသင်းကနေ ထွက်ဖို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ နွေရာသီက ကိစ္စတွေကြောင့်ဖြစ်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“မက်ဆီက သူ့ရဲ့ဘဝမှာ ထူးခြားတဲ့အခိုက်အတံ့ကို ရောက်နေတာပါ။ သူ့ရဲ့ ကစားသမားဘဝမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူ နွေရာသီမှာ ပြဿနာရှိခဲ့တယ်”

“အဲဒါက သူ ဘာစီလိုနာမှာ ဆက်နေရမလား၊ မနေရဘူးလားဆိုတာပဲ။ ဒါပေမယ့် ပွဲစဉ်အတွင်းမှာတော့ သူ အမြဲတမ်း သူ့ရဲ့တန်ဖိုးကို ပြသခဲ့ပါတယ်။ ဘောလုံးကိစ္စထက်ကို ပိုပြီးတော့ သူ့မှာ စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် အဲဒီကိစ္စကို ဘာမှ ဝင်မပြောချင်ပါဘူး။ အဲဒါက ကျွန်တော်တို့နဲ့လည်း ဘာမှမဆိုင်ပါဘူး”

“မက်ဆီက သူမတူထူးခြားကောင်းမွန်တဲ့ကစားသမားဖြစ်ပြီး အဲဒါကို ပြသခဲ့ပြီးပါပြီ”လို့ ပြောကြားခဲ့ပါတယ်။