အာဆင်နယ်စတိုခန်းထဲက ကစားသမားကို ဖုန်ခါပြီး သုံးဖို့ ကြံနေတဲ့ ဘာကာ

ဘာစီလိုနာအသင်းဟာ ယခုလာမယ့်ဇန်နဝါရီလမှာ ဗဟိုခံစစ်ကစားသမားတစ်ဦး ခေါ်ယူဖို့အတွက် စျေးကွက်အတွင်းမှာ လိုက်လံရှာဖွေနေပြီး အာဆင်နယ်အသင်းမှာ ချောင်ထိုးခံထားရတဲ့ မူစတာဖီကို မျက်စိကျနေတယ်လို့ Givemesport က ဖော်ပြခဲ့ပါတယ်။

ရော်နယ်ကိုးမန်းရဲ့ ဘာစီလိုနာအသင်းဟာ ယခုရာသီလာလီဂါအဖွင့်ပွဲစဉ် ၇ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိထားပြီး လက်ရှိမှာတော့ လာလီဂါအမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအကြပ်ဆိုက်မှုနဲ့ ရင်ဆိုင်နေရပြီး ငွေကြေးချွတ်ခြုံမကျခင် ၎င်းတို့ရဲ့ ကုန်ကျစရိတ်တွေကို လျှော့ချသွားဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဒါကြောင့် ဘာစီလိုနာအသင်းဟာ ကစားသမားတွေကို ပေးချေနေရတဲ့ နှစ်စဉ်လစာငွေပမာဏကို သိသိသာသာလျှော့ချဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်အထိတော့ သဘောတူညီမှု မရရှိသေးတာဖြစ်ပါတယ်။ ဘဏ္ဍာရေးအခြေအနေဆိုးရွားနေပေမယ့်လည်း ဘာစီလိုနာအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ လှုပ်ရှားမှုတွေ ပြုလုပ်ဖို့အတွက် ကြိုးပမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Sport ရဲ့ ဖော်ပြချက်အရ လာမယ့်အပြောင်းအရွှေ့စျေးကွက်အတွက် ဘာစီလိုနာအသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာ အံ့အားသင့်ဖွယ်နာမည်အချို့ပါဝင်နေပြီး အဲဒီထဲမှာ အံ့အားသင့်စရာအကောင်းဆုံးက အာဆင်နယ်မှာ ခြေစွမ်းမပြသနိုင်တဲ့ မူစတာဖီကို ပစ်မှတ်ထားနေတာဖြစ်တယ်လို့ သိရပါတယ်။

ဂျာမန်နောက်ခံကစားသမားဟာ အမ်းမရိတ်မှာ ရှိနေတဲ့ ၄ နှစ်တာကာလအတွင်း ဆိုးရွားတဲ့ခံစစ်ကစားပုံမျိုး ပြသခဲ့ပေမယ့်လည်း ဘာစီလိုနာက ၎င်းရဲ့စာချုပ်ဟာ လာမယ့်နွေမှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဇန်နဝါရီလမှာ အောက်စျေးနဲ့ ရနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ချယ်ဆီးနောက်ခံကစားသမား ရူဒီဂါကိုလည်း ပစ်မှတ်ထားနေပြီး စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ပွဲထွက်ခွင့်မရဖြစ်နေတဲ့ ဂျာမန်နောက်ခံကစားသမားက နူးကမ့်ကို ပြောင်းရွှေ့ခွင့်ရရင် ပျော်ပျော်ကြီး ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။