ဒီဘာလာကို ခေါ်ယူဖို့ ကမ်းလှမ်းခံခဲ့ရတဲ့ စပါး

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ဒီဘာလာကို ခေါ်ယူဖို့အတွက် ကြိုးပမ်းမှုမှာ အစိမ်းသက်သက်မဟုတ်တဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ဖူးတဲ့အသင်းဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၂၀၁၉ ခုနှစ်တုန်းက ကြီးမားတဲ့နွေရာသီခေါ်ယူမှုအဖြစ် ဒီဘာလာကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာ လန်ဒန်ကို ရောက်ရှိလာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

စပါးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မတိုင်မီ ရက်ပိုင်းမှာ ဂျူဗင်တပ်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၄.၄ သန်းပေးချေဖို့ သဘောတူညီမှုရရှိခဲ့ပေမယ့်လည်း အဆုံးမှာတော့ အပြောင်းအရွှေ့အမှန်တကယ်ဖြစ်ပေါ်မလာခဲ့တာဖြစ်ပါတယ်။

အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနာရီအထိ စပါးအသင်းပရိသတ်တွေထဲက အချို့ဟာ အကောင်းမြင်စိတ်နဲ့ စောင့်ဆိုင်းခဲ့ပေမယ့် အပြောင်းအရွှေ့ဇာတ်လမ်းဟာ စိတ်ပျက်ဖွယ် အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကနေ ၁၂ လကျော်အကြာမှာ ဒီဘာလာနဲ့ မြောက်လန်ဒန်အသင်းတို့ရဲ့ ဆက်နွယ်မှုက နောက်ထပ်တစ်ကြိမ် ပေါ်ထွက်လာခဲ့ပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

90min ရဲ့သတင်းအရ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဒီဘာလာကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး ကမ်းလှမ်းခြင်းခံခဲ့ရတဲ့ ၆ သင်းထဲက တစ်သင်းအပါအဝင်ဖြစ်ပြီး မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ကိုလည်း ဒီဘာလာရဲ့ကိုယ်စားလှယ်တွေက ချဉ်းကပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူးဟာ နည်းပြပီယာလိုလက်အောက် ယခုရာသီမှာ ပွဲထွက်ကစားခွင့်သိပ်မရရှိခဲ့သူဖြစ်ပြီး စီးရီးအေ ၄ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိထားတာဖြစ်ပါတယ်။

ဒီဘာလာရဲ့ ဂျူဗင်တပ်နဲ့ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းကလည်း ၁၈ လသာ ကျန်ရှိတော့တာကြောင့် လာမယ့်နွေရာသီမှာ အသင်းနဲ့ လမ်းခွဲပြီး စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။