ဘောလုံးကစားချင်စိတ်သာရှိခဲ့ရင် မက်ဆီနဲ့ရော်နယ်ဒိုတို့လို ဖြစ်ခဲ့မှာဆိုတဲ့ စနိုက်ဒါ

နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ဝက်စ်လေစနိုက်ဒါက လီယွန်နယ်မက်ဆီနဲ့ ရော်နယ်ဒိုတို့လောက် ကောင်းတဲ့ကစားသမား ဖြစ်နိုင်ခဲ့ပေမယ့် အဲဒီလို မဖြစ်ချင်ခဲ့ဘဲ ၀ိုင်ပဲ ပိုသောက်ချင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ စနိုက်ဒါဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ဖလား ၃ လုံးတပြိုင်နက်တည်းရရှိခဲ့တဲ့ မော်ရင်ဟိုရဲ့အင်တာမီလန်၊ ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ နယ်သာလန်အသင်းတို့အတွက် အဓိကကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒတ်ချ်ကွင်းလယ်ကစားသမားဟာ ဘလွန်းဒီအော်ဆုကို လွဲချော်ခဲ့ပြီး ဘာစီလိုနာကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီတို့ရဲ့နောက် စတုတ္ထနေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

စနိုက်ဒါက ၎င်းအနေနဲ့ ကိုယ်ပိုင်ဘဝကို အရမ်းမမက်မောခဲ့ဘူးဆိုရင် အာဂျင်တီးနားကြယ်ပွင့်နဲ့ ရော်နယ်ဒိုတို့လောက် ကောင်းတဲ့ ကစားသမားဖြစ်ခဲ့လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် မက်ဆီနဲ့ ရော်နယ်ဒိုတို့လိုမျိုး ကစားသမားဖြစ်လာနိုင်ခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော် အဲဒီလိုမျိုး မခံစားခဲ့ရဘူး”

“ကျွန်တော့်ဘဝကို ကျွန်တော် ပျော်ရွှင်ခဲ့တယ်။ ကျွန်တော် ညစာစားပွဲမှာ ဝိုင်သောက်ခဲ့တာကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပါ။ လီယိုနဲ့ ခရစ်စတီယာနိုတို့ကတော့ ကွဲပြားခြားနားပါတယ်။ သူတို့ ပေးဆပ်မှုတွေ အများကြီးလုပ်ခဲ့ကြပါတယ်”

“အဲဒါက ကျွန်တော့်အတွက် အဆင်ပြေပါတယ်။ ကျွန်တော့်ကစားသမားဘဝက ဘာပဲဖြစ်ဖြစ် အံ့အားသင့်ဖွယ်ကောင်းနေတုန်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။