မက်ဆီ ဘာမှလုပ်မရအောင် နောက်တန်းထိဆင်းပြီး ဖျက်ထုတ်ခဲ့တဲ့ ရော်နယ်ဒို

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ GOAT ၂ ဦးတွေ့ဆုံတဲ့ပွဲမှာ ပြိုင်ဘက်မက်ဆီရဲ့ အရိပ်လွှမ်းမိုးမှုကို ခွင့်မပြုဖို့အတွက် ဆုံးဖြတ်ထားခဲ့ပါတယ်။

အင်္ဂါနေ့ညက အုပ်စု G ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုး သွင်းယူပေးရုံနဲ့တင် အားမရဘဲ ရော်နယ်ဒိုဟာ မက်ဆီရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကိုပါ ဖျက်ထုတ်ပြပြီး ၎င်းရဲ့ခံစစ်စွမ်းရည်ကိုလည်း ပြသခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းအတွက် ကစားပေးခဲ့တာကြောင့် နူးကမ့်ကို ပြန်လည်ရောက်ရှိလာတဲ့အချိန်မှာ ဘာစီလိုနာပရိသတ်တွေရဲ့ အေးစက်တဲ့ကြိုဆိုမှုမျိုးကိုသာ ရရှိခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်ဒိုဟာ နည်းနည်းလေးမှ နောက်မတွန့်သွားဘဲ ပထမပိုင်း ၁၃ မိနစ်မှာ ပင်နယ်တီကနေတဆင့် ဂျူဗင်တပ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့သလို ဒုတိယပိုင်းမှာလည်း ချန်ပီယံလိဂ်သွင်းဂိုး ၁၃၄ ဂိုးအထိ ရောက်ရှိစေမယ့်သွင်းဂိုးကို ပင်နယ်တီကနေပဲ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မက်ဆီကတော့ ဂျူဗင်တပ်အသင်း ဂိုးပေါက်ကို ၇ ကြိမ် ကန်ခွင့်ရရှိခဲ့ပေမယ့် အသက် ၄၂ နှစ်အရွယ် ဘူဖွန်က အကောင်းဆုံးလက်စွမ်းပြ ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအတွက် ဂျူဗင်တပ်နဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့မှုက ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံး အုပ်စုပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့တာဖြစ်ပေမယ့် ၂ သင်းစလုံးက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ လက်ရှိအချိန်မှာတော့ ကလပ်အသင်း၊ နိုင်ငံလက်ရွေးစင်အသင်းတို့နဲ့အတူ ၃၆ ကြိမ်အထိ တွေ့ဆုံခဲ့ပြီးပြီဖြစ်ပြီး မက်ဆီက ၁၆ ပွဲနိုင်၊ ရော်နယ်ဒိုက ၁၁ ပွဲနိုင်နဲ့ ၉ ပွဲ သရေရလဒ် ထွက်ပေါ်ထားပါတယ်။