ပွဲအပြီးပွေ့ဖက်နှုတ်ဆက်ခဲ့ကြတဲ့ ထပ်မဆုံနိုင်ဖို့များနေတဲ့ ရော်နယ်ဒိုနဲ့ မက်ဆီ

လီယွန်နယ်မက်ဆီနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ဟာ ၎င်းတို့ရဲ့ ကစားသမားဘဝတစ်ခုလုံးကို တစ်ယောက်နဲ့တစ်ယောက် နှိုင်းယှဉ်ရင်း ကုန်ဆုံးခဲ့ကြတဲ့ကစားသမားတွေဖြစ်ပါတယ်။

နှစ်ဦးစလုံးဟာ ဘယ်သူမှ နှိုင်းယှဉ်လို့မရတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ကြပြီး ၂ ဦးပေါင်း ဘလွန်းဒီအော်ဆု ၁၁ ကြိမ်အထိ ရရှိထားခဲ့ကြတာဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ကစားသမားဘဝ အဓိကအချိန်တွေမှာ အယ်လ်ကလက်စီကိုပွဲစဉ်ကို အတူတူ တောက်ပအောင် ပြုလုပ်ပေးခဲ့ကြတာဖြစ်ပြီး မက်ဆီက ဘာစီလိုနာ၊ ရော်နယ်ဒိုက ရီးရဲမက်ဒရစ်အတွက် အသီးသီး ကစားပေးခဲ့ကြတာဖြစ်ပါတယ်။

မက်ဆီက ယင်းပွဲစဉ်တွေရဲ့ တော်တော်များများကို ဦးဆောင်ထားနိုင်ခဲ့ပြီး ၃၆ ပွဲ ထိပ်တိုက် တွေ့ဆုံခဲ့ရာမှာ ၁၆ ပွဲအထိ အနိုင်ရရှိထားခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ၁၁ ပွဲသာ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ဟာ အင်္ဂါနေ့ည နူးကမ့်မှာ အနိုင်ရရှိခဲ့ပြီး ယင်းပွဲစဉ်ဟာ ၎င်းတို့ ၂ ဦး ထိပ်တိုက်တွေ့ဆုံတဲ့ နောက်ဆုံးပွဲစဉ်လည်း ဖြစ်ချင်ဖြစ်သွားနိုင်တာ ဖြစ်ပါတယ်။

မက်ဆီရော ရော်နယ်ဒိုပါ ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေကြပြီဖြစ်ပြီး တစ်နေ့နေ့မှာ ၎င်းတို့ထဲက တစ်ယောက် သို့မဟုတ် ၂ ယောက်စလုံး ရှိနိုင်ဖွယ် မရှိတော့တာဖြစ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ပြီးခဲ့တဲ့လက ကွင်းထဲမှာ ထိပ်တိုက်တွေ့ဆုံမယ့်အခွင့်အရေးကို လွဲချော်ခဲ့ပြီး ရော်နယ်ဒိုက ကိုဗစ်-၁၉ ကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိတဲ့အချိန်မှာ မက်ဆီရဲ့ဘာစီလိုနာက ဂျူဗင်တပ်ကို တူရင်မြေမှာ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အင်္ဂါနေ့ညမှာ သွင်းဂိုးတွေနဲ့ အတူ ပြန်လာနိုင်ခဲ့ပြီး နူးကမ့်မှာ ဂျူဗင်တပ်အသင်း ၃-၀ နဲ့ အနိုင်ရရှိစေဖို့အတွက် ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ပင်နယ်တီကနေ သွင်းဂိုး ၂ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပွဲစဉ်တလျှောက်လုံး ဆိုးရွားခဲ့ပြီး မက်ဆီတစ်ဦးတည်းသာ ဘာစီလိုနာအတွက် အခွင့်အရေးဖန်တီးနိုင်ခဲ့တဲ့ တစ်ဦးတည်းသောကစားသမားဖြစ်ခဲ့ပေမယ့် ဘူဖွန်ကို ဘယ်လိုမှ ဂိုးသွင်းယူလို့ မရနိုင်ခဲ့တာကြောင့် တစ်ဂိုးမှ မရရှိခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ ပွဲအပြီးမှာ ရလဒ်နဲ့ပတ်သက်ပြီး စိတ်ပျက်နေခဲ့တာကို ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပေမယ့် ရော်နယ်ဒိုနဲ့ ရင်းရင်းနှီးနှီးပွေ့ဖက်ဖို့ အချိန်ရရှိခဲ့ပြီး ၎င်းတို့ ၂ ဦးဟာ အပြန်အလှန်စကားပြောရင်း ကွင်းအတွင်းမှာ ပွေ့ဖက်နှုတ်ဆက်နေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ စကားပြောဆိုပြီးနောက်မှာ ရော်နယ်ဒိုက ယှဉ်ပြိုင်ကစားခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် ဘာစီလိုနာအသင်းကို ရည်ညွှန်ပြီး အင်စတာဂရမ်မှာ စာရေးသားခဲ့ပါတယ်။

“စပိန်နဲ့ ကာတာလိုနီးယားကို ပြန်လာရတာက အမြဲတမ်း ကောင်းမွန်ခဲ့ပါတယ်။ နူးကမ့်မှာ ကျွန်တော် ရင်ဆိုင်ခဲ့ရဖူးသမျှထဲမှာ အကောင်းဆုံးထဲကတစ်သင်းဖြစ်တဲ့ အသင်းနဲ့ ကစားဖို့ အမြဲတမ်း ခက်ခဲခဲ့ပါတယ်”

“ဒီနေ့ ကျွန်တော်တို့အသင်းက ချန်ပီယံအသင်းဖြစ်ခဲ့ပါတယ်။ စစ်မှန်မှု၊ တောင့်တင်းမှုနဲ့ စည်းလုံးမှုရှိတဲ့မိသားစုပါ။ ဒီလိုမျိုး ကစားရမယ်ဆိုရင် ရာသီကုန်တဲ့အထိ ဘာကိုမှ ကျွန်တော်တို့ ကြောက်စရာမရှိတော့ပါဘူး။ ဆက်သွားကြစို့”လို့ ရေးသားခဲ့ပါတယ်။