လူမျိုးရေးခွဲခြားခံရတဲ့ အစ္စတန်ဘူလ်ဘက်ကနေ ရပ်တည်ပေးခဲ့တဲ့ နေမာနဲ့ ဘတ်ပီ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ဘတ်ပီဟာ ပီအက်စ်ဂျီနဲ့ အစ္စတန်ဘူလ်ဘာဆတ်ဆီဟီရာတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ် ဖျက်သိမ်းခါနီးမှာ “သူ မပါဘဲ မကစားနိုင်ဘူး”လို့ ပြောကြားခဲ့တာကို ကြားခဲ့ရပါတယ်။

ပီအက်စ်ဂျီနဲ့ အစ္စတန်ဘူလ်တို့ ကစားခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်မှာ စတုတ္ထဒိုင်လူကြီး ဆီဘက်စတီယန်ကိုတက်စကူက အစ္စတန်ဘူလ်လက်ထောက်နည်းပြ ဝီဘိုကို လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်း သုံးနှုန်းခဲ့ပြီး ကွင်းလယ်ဒိုင်က ဝီဘိုကို အနီကတ်ပြသခဲ့ပြီးနောက် ဝရုန်းသုန်းကားဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ အစ္စတန်ဘူလ်တိုက်စစ်မှူး ဒမ်ဘာဘာက လူမျိုးရေးခွဲခြားခဲ့တဲ့ ဒိုင်လူကြီးကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး အရာအားလုံးက လျင်လျင်မြန်မြန်ပဲ ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

ကွင်းထဲမှာ အချိန်အတော်ကြာ ဆွေးနွေးခဲ့မှုအတွင်းမှာ နေမာနဲ့ ဘတ်ပီတို့လို ကစားသမားတွေက ၎င်းတို့ရဲ့ ဆန္ဒပြမှုအတွင်းမှာ အဓိက အသံထွက်ခဲ့ကြသူတွေဖြစ်ပြီး ဘတ်ပီက ဒိုင်လူကြီးကြားအောင် အော်ဟစ်နေခဲ့တာဖြစ်ပါတယ်။ ဘတ်ပီက “သူ(ဝီဘို) မပါဘဲ မကစားနိုင်ဘူး”လို့ ပြောကြားခဲ့တာဖြစ်ပြီး လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းကို သုံးနှုန်းခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ ၂ သင်းစလုံးဟာ လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်ဖို့ တသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ ကွင်းထဲကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘတ်ပီဟာ ပွဲအပြီးမှာ အစ္စတန်ဘူလ် လက်ထောက်နည်းပြ ဝီဘိုကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ၎င်းရဲ့တရားဝင်တွစ်တာအကောင့်မှာ “လူမျိုးရေးခွဲခြားမှုတွေ ရပ်”လို့ ရေးသားခဲ့ပါတယ်။