အုပ်စုပြုတ်ပြီးနောက် ပြောခဲ့တဲ့စကားကြောင့် ပရိသတ်တွေရဲ့ဒေါသနဲ့ရင်ဆိုင်နေရတဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ လိုက်ပ်ဇစ်အသင်းကို ရှုံးနိမ့်ပြီး မန်ချက်စတာယူနိုက်တက်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ပွဲပြီးအင်တာဗျူးမှာ ကိုယ့်ကိုကိုယ် ချက်ချင်းပြန်လိမ့်ခဲ့ပြီး ပရိသတ်တွေကို စိတ်ရှုပ်ထွေးစေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အုပ်စု H ကနေ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ လိုက်ပ်ဇစ်နဲ့ပွဲစဉ်မှာ သရေ ၁ မှတ်သာ လိုအပ်ခဲ့တာဖြစ်ပေမယ့် ၃-၂ နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ အုပ်စုပထမဆုံး ၂ ပွဲကို အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့ စိတ်ပျက်စရာရလဒ်ဖြစ်ခဲ့ပေမယ့် ဆိုးလ်ရှားက ၎င်းရဲ့အသင်းဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို မဆုံးဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

“ဘောလုံးသမားတစ်ယောက်အနေနဲ့ ခင်ဗျားကိုယ်ကိုပဲ ခင်ဗျား သနားနေလို့မရနိုင်ပါဘူး”

“ခင်ဗျားအနေနဲ့ အင်း၊ ကိုယ့်ကိုကိုယ်ပဲ ဒီည မိနစ်အနည်းငယ်လောက် စိတ်မကောင်းဖြစ်နေလိုက်ပါ။ ပြီးရင်တော့ စနေနေ့အတွက် ဆက်သွားကြတာပေါ့”လို့ BT Sport ကို ပြောကြားခဲ့တာဖြစ်ပါတယ်။ အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြဆိုးလ်ရှားဟာ ဆိုးရွားတဲ့ညနေခင်းကို ရင်ဆိုင်ခဲ့ရပြီးနောက် စိတ်ခံစားချက်ကို ပေါ့ပါးသွားအောင် ကြိုးပမ်းတဲ့အနေနဲ့ မချိပြုံးလေး ပြုံးနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လိုက်ပ်ဇစ်နဲ့ပွဲစဉ် ရလဒ်ထွက်ပေါ်လာခဲ့ပြီးနောက် ယူနိုက်တက်ပရိသတ်တွေကြားမှာ တင်းမာမှုတွေက မြင့်တက်လာခဲ့ပြီး ၎င်းတို့ရဲ့ နည်းပြကို ပေါက်ကွဲခဲ့ကြတာဖြစ်ပါတယ်။

“ဘယ်လိုတောင်လား။ အဝတ်လဲခန်းထဲမှာလည်း သူက ဒီလိုမျိုးပဲဆိုရင်တော့ ကစားသမားတွေအနေနဲ့ သူတို့ရနိုင်သလောက် အကူအညီ ရဖို့ လိုနေပြီ”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး “ဘာများ ပြောနိုင်တော့မှာလဲ။ ကျွန်တော်က အသက် ၆ နှစ်သားကတည်းက ယူနိုက်တက်သစ္စာတော်ခံပရိသတ်ဖြစ်ခဲ့တဲ့သူပါ။ ဘာစကားမှ မပြောနိုင်တော့ဘူး။ လုံးဝကို အော်ဂလီဆန်မိပါတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။