ယူနိုက်တက်နဲ့ပွဲမှာ အဓိကကစားသမားပွဲထွက်ကစားနိုင်မှာမဟုတ်ဘူးလို့ ဂွါဒီယိုလာ အတည်ပြု

မန်ချက်စတာစီးတီးတိုက်စစ်မှူး အဂူရိုဟာ မာဆေးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပြီဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ သိရပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အဂူရိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာစီးတီးအသင်းအတွက် ပါဝင်ကစားပေးပြီး ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ စနေနေ့ ကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာတော့ ပွဲထွက်ပါဝင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အဂူရိုဟာ မာဆေးလ်နဲ့ပွဲစဉ် ဒုတိယပိုင်းပြီးဆုံးဖို့ ၂၅ မိနစ်အလိုမှာ လူစားဝင်ကစားခဲ့တာဖြစ်ပြီး ဒုတိယမြောက်သွင်းဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူထားတာကြောင့် အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ ယခုရာသီမှာ လေးပွဲသာ ပါဝင်ကစားနိုင်သေးတာဖြစ်ပြီး ဂွါဒီယိုလာက ၎င်းရဲ့ကြယ်ပွင့်တိုက်စစ်မှူးရဲ့ကြံ့ခိုင်မှုကို ရေရှည်အမြင်နဲ့ပဲ လုပ်ဆောင်သွားမယ်လို့ မာဆေးလ်နဲ့ ပွဲအပြီးမှာ ပြောကြားသွားပါတယ်။

“သူ ကောင်းကောင်းကစားနိုင်ပြီး ဂိုးသွင်းယူခဲ့တယ်။ သူ့ရဲ့ နဂိုသိစိတ်အတွက်၊ သူ့ရဲ့ပင်နယ်တီဧရိယာထဲက အရည်အသွေးအတွက်ပါ”

“ဒီနေ့ သူ ၂၅ မိနစ် ကစားချိန်ရခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တဆင့်ချင်းစီပဲ သွားကြတာပေါ့”လို့ ပြောကြားခဲ့ပါတယ်။