အင်တာမီလန်ကို ချန်ပီယံလိဂ်က ထွက်ခွာရအောင် လုပ်ခဲ့တဲ့ လူကာကူ

အင်တာမီလန်အသင်းဟာ ရှက်တာဒိုးနတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

အင်တာမီလန်ဟာ နည်းပြကွန်တီလက်ထက်အတွင်း ဥရောပမှာ အောင်မြင်မှုရရှိဖို့အတွက် ရုန်းကန်နေရတာဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲစဉ်မှာ သရေကျခဲ့တာကြောင့် ယူရိုပါလိဂ်မှာတောင် မကစားနိုင်တော့တာဖြစ်ပါတယ်။ အုပ်စု B ဟာ ချန်ပီယံလိဂ်အုပ်စုအပိတ်ပွဲစဉ်တွေထဲမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစဉ်တွေထဲက တစ်ပွဲဖြစ်ခဲ့ပြီး အင်တာမီလန်အတွက် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် တံခါးက ပွင့်နေခဲ့ပြီးဖြစ်ပါတယ်။

အဲဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ ရီးရဲမက်ဒရစ်အသင်းက မိုချန်ဂလတ်ဘတ်အသင်းကို ၂-၀ နဲ့ သက်တောင့်သက်သာအနိုင်ရရှိသွားခဲ့တာကြောင့်ဖြစ်ပြီး အင်တာမီလန်အသင်းအနေနဲ့ အနိုင်ရရှိခဲ့မယ်ဆိုရင် အုပ်စုဒုတိယနဲ့ နောက်တဆင့် တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်တာမီလန်အသင်းဟာ စိတ်ပျက်ဖွယ် ရမှတ် ၁ မှတ်သာ ရယူနိုင်ခဲ့တာဖြစ်ပြီး ရှက်တာဒိုးနတ်ရဲ့အောက် အုပ်စုအောက်ဆုံးနေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်မှာ ၂ သင်းစလုံး ဂိုးသွင်းယူဖို့ ခက်ခဲခဲ့တယ်ဆိုပေမယ့်လည်း အင်တာမီလန်အသင်းအတွက် နောက်ကျအနိုင်ဂိုးရရှိနိုင်မယ့် ပွဲပြီးခါနီးအခိုက်အတံ့မှာ အသည်းကွဲစရာဖြစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း အလက်ဆစ်ဆန်းချက်ဇ်က ထောင့်ကန်ဘောကို အပိုင်ခေါင်းတိုက်သွင်းယူခဲ့ရာမှာ လူကာကူရဲ့ ခေါင်းနဲ့ထိပြီး ပြန်ထွက်သွားခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ အင်တာမီလန်ရဲ့ နောက်ကျအနိုင်ဂိုးကို ပိတ်ဆို့ခဲ့သလိုဖြစ်ခဲ့တာဖြစ်ပါတယ်။