ရီးရဲမက်ဒရစ်ကွင်းလယ်ဖန်တီးရှင် လူကာမိုဒရစ်ဟာ မိုချန်ဂလတ်ဘတ်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပွဲစဉ်မှာ ၎င်းရဲ့အကောင်းဆုံးပုံစံကို ပြန်ရနေခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ယူရိုပါလိဂ်ကို ဆင်းကစားရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပြီး မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်း ၁၆ သင်းရှုံးထွက်အဆင့်ကို အုပ်စု B အုပ်စုဗိုလ်အဖြစ် တက်ရောက်နိုင်အောင် ဘန်ဇီးမားက ၂ ဂိုးသွင်းယူပေးခဲ့ပေမယ့်လည်း တကယ့်ဗိသုကာအစစ်အမှန်ကတော့ ကွင်းလယ်က လူကာမိုဒရစ်ဖြစ်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရိုအေးရှားကြယ်ပွင့်ဟာ တစ်ကွင်းလုံးကို ကြိုးကိုင်ထားနိုင်ခဲ့ပြီး မိုချန်ဂလတ်ဘတ်က ဘယ်ကစားသမားမဆို မိုဒရစ်ကို လွန်ဆန်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ၂၁၁၈ ခုနှစ်ဘလွန်းဒီအော်ဆုရှင် မိုဒရစ်ဟာ ယခုရာသီ ရီးရဲမက်ဒရစ်အသင်းရဲ့ ပွဲစဉ်တိုင်းမှာ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး အသင်းရဲ့အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် ကျန်ရှိနေတဲ့ကစားသမားဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်ပရိသတ်တွေက လူကာမိုဒရစ်ရဲ့ စွမ်းဆောင်ရည်ကို တုံ့ပြန်ခဲ့ကြပြီး ခရိုအေးရှားကြယ်ပွင့်ရဲ့စွမ်းရည်ကို အပြည့်အဝ ပြသနိုင်ခဲ့တဲ့ပွဲဖြစ်ခဲ့တယ်လို့ ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။
Luka modric being his usual king self yet again ❤pic.twitter.com/Gjr2eBKf8l
— ˡᵒ🌌 (@lol_rm99) December 9, 2020
“လူကာမိုဒရစ် အသက် ၃၅ နှစ်အရွယ်မှာ လုပ်ပြနေတဲ့ဟာတွေက သာမန်မဟုတ်ဘူး။ သူက တသက်တာအကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးပါ။ အဲဒါကို လက်ခံလိုက်တာ အကောင်းဆုံးပါပဲ”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီးနောက် ဘာစီလိုနာပရိသတ်တစ်ဦးလို့ ယူဆရတဲ့ တွစ်တာအသုံးပြုသူတစ်ဦးကလည်း “မိုဒရစ်က အသက် ၃၅ နှစ်အရွယ်မှာတောင် ငါတို့ကွင်းလယ်ကစားသမားအားလုံးထက် ကောင်းမွန်နေသေးတယ်။ တကယ်အတည်ကြီးပြောတာပါ”လို့ ရေးသားခဲ့ပါတယ်။