လာလီဂါကို စွန့်ခွာဖွယ်ရှိတဲ့ မက်ဆီနဲ့ရာမို့စ်တို့အပြင် ရော်နယ်ဒိုကိုပါ ဖောင်းလှမ်းထုခဲ့တဲ့ လာလီဂါဥက္ကဌ

လာလီဂါဥက္ကဌ ဇေးဘီးယားတီဘက်စ်ဟာ ၂၀၁၈ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ ရီးရဲမက်ဒရစ်ကို စွန့်ခွာခဲ့တဲ့ ရော်နယ်ဒိုမရှိကတည်းက အနုတ်လက္ခဏာဆောင်တဲ့အကျိုးသက်ရောက်မှုမျိုး လာလီဂါမှာ မခံစားခဲ့ရဘူးလို့ ပြောကြားခဲ့ပါတယ်။

တီဘက်စ်ဟာ စပိန်သတင်းဌာနဖြစ်တဲ့ Marca နဲ့ ပြောဆိုခဲ့ရမှာ စပိန်နိုင်ငံ ပြင်ပအသင်းတွေကို ပြောင်းရွှေ့နိုင်ခြေရှိနေတဲ့ လီယွန်နယ်မက်ဆီနဲ့ ဆာဂျီယိုရာမို့စ်တို့အကြောင်းကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ ပြီးခဲ့တဲ့နွေရာသီက အပြောင်းအရွှေ့ဇာတ်လမ်းမှာ လာလီဂါကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ရပြီး ဘာစီလိုနာအသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေးယူရို သန်း ၇၀၀ ပေးချေရမယ်ဆိုတဲ့အချက်ဟာ အသက်ဝင်နေသေးကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ကလည်း ယခုရာသီကုန်မှာ ဘာနေဗျူးကို စွန့်ခွာတော့မယ်လို့ သတင်းတွေက ထွက်ပေါ်လာခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော် လာလီဂါကို အုပ်စိုးခဲ့တဲ့ကစားသမားတွေက ကန့်လန့်ကာချပြီး ဘဝသစ်ကို စတင်ဖို့ အရိပ်အယောင်တွေ မြင်တွေ့လာရတာဖြစ်ပါတယ်။

“ကျွန်တော် သူတို့ လာလီဂါကနေ မထွက်ခွာသွားစေချင်ဘူးဆိုတာ သိသာပါတယ်။ ဒါပေမယ့် တကယ်လို့ အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အားလုံး လစ်လပ်သွားတဲ့နေရာကို ဖြည့်ဖို့ ပိုပြီး ပေးရမှာပါ”

“ခရစ်စတီယာနိုရော်နယ်ဒို ထွက်သွားခဲ့တုန်းက တွစ်တာပေါ်မှာ မလိုတဲ့လူတွေအချို့က ကျွန်တော့်ကို သတိပေးခဲ့တယ်။ ကျွန်တော်တို့အတွက် ဘာတစ်ခုမှ ပြောင်းလဲမသွားခဲ့ဘူးဆိုတာ နောက်ထပ်အာမခံနိုင်ပါတယ်။ ရိုးရိုးသားသားပြောရရင် ရော်နယ်ဒိုကြောင့် စီးရီးအေက အများကြီးလည်း မတိုးတက်သွားပါဘူး။ သူ ရောက်လာတယ်ဆိုတာလောက်ပဲ သူတို့တွေ သတိပြုမိခဲ့ရုံပါ”လို့ ပြောကြားခဲ့ပါတယ်။