ရီးရဲမက်ဒရစ်နဲ့ လမ်းခွဲဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ ရာမို့စ်

ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ အသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့်နွေရာသီမှာ ဘာနေဗျူးကို စွန့်ခွာဖို့ အဆင်သင့်ဖြစ်နေပြီလို့ စပိန်က သတင်းတွေအရ သိရပါတယ်။

အသက် ၃၄ နှစ်အရွယ် စပိန်နောက်ခံကစားသမားဟာ လာမယ့် ဇန်နဝါရီ ၁ ရက်နေ့မှာ ပြည်ပအသင်းတွေနဲ့ တရားဝင်ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ပြုလုပ်နိုင်တော့မှာဖြစ်ပြီး ပြောစရာမလိုအောင်ပဲ စိတ်ဝင်စားတဲ့အသင်းပေါင်းများစွာရှိနေတဲ့အထဲကမှ ပရီးမီးယားလိဂ်အသင်းတစ်သင်းကတော့ အမှန်တကယ်ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်ထားပြီးပြီလို့ သိရပါတယ်။

ရီးရဲမက်ဒရစ်နဲ့ ရာမို့စ်တို့ကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး ၀ါရင့်နောက်ခံကစားသမားဟာ လက်ရှိမှာ အသင်းကို စွန့်ခွာဖို့ တထစ်ချ တွေးထားတယ်လို့ Onda Cero စပိန်ရေဒီယိုဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နည်းပြဇီဒန်းဟာ အသင်းရဲ့ အားအထားရဆုံး ၀ါရင့်ကစားသမားဖြစ်တဲ့ ရာမို့စ်ကို ဆက်လက်ထိန်းသိမ်းထားချင်တဲ့ပုံပေါ်ပေမယ့် ရာမို့စ်ရဲ့စာချုပ်ဟာ တဖြည်းဖြည်းနဲ့ သက်တမ်းကုန်ဆုံးလာတော့မှာဖြစ်ပြီး လာမယ့် ၃ ပတ်မှာ အခြားအသင်းတွေနဲ့ တရားဝင်ပြောဆိုမှုတွေ စတင်ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

ဆာဂျီယိုရာမို့စ်ဟာ ၂၀၀၅ ခုနှစ်မှာ ဆီဗီလာအသင်းကနေ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့လာပြီးကတည်းက ကမ္ဘာ့အကောင်းဆုံးနောက်ခံကစားသမားတွေထဲကတစ်ဦးဆိုတာ ပြသခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်အတွက် ပွဲပေါင်း ၆၅၀ ကျော်ကစားပေးခဲ့ရာမှာ လာလီဂါဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နဲ့ အခြားဆုဖလားပေါင်းများစွာ ရရှိခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် ရီးရဲမက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနိုပီးရက်ဇ်က ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ရာမို့စ်အနေနဲ့ ၂၀၂၁ ခုနှစ်မှာ အသင်းကို အမှန်တကယ်စွန့်ခွာလိမ့်မယ်လို့ အရိပ်အမြွက် ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိအခြေအနေကတော့ ရာမို့စ်က ၂၀၂၃ ခုနှစ်အထိ ၂ နှစ်စာချုပ်ချုပ်ဆိုချင်နေပေမယ့် ရီးရဲမက်ဒရစ်က အသင်းမူဝါဒအတိုင်း ၀ါရင့်ကစားသမားတွေကို ၁၂ လသာ စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေတယ်လို့ ခန့်မှန်းရပါတယ်။