မက်ဂွိုင်းယားက စမောလင်းနဲ့မကွာဘူးဆိုတာပြသထားတဲ့ ဗီဒီယိုဖိုင် ပရိသတ်တွေကြား ပျံ့နှံ့နေ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားရဲ့ ပေါက်ကရအလွဲများ စုစည်းထားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားဟာ ကွင်းတွင်းကွင်းပြင်မှာပါ အကောင်းဆုံးနှစ်ကို မရရှိခဲ့ဘဲ မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးက မက်ဂွိုင်းယားရဲ့ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်၊ ချန်ပီယံလိဂ်က အဆိုးရွားဆုံးအမှားတွေကို တစုတစည်းတည်း ဖန်တီးခဲ့ပါတယ်။

ရယ်ရွှင်ဖွယ်တီးလုံးအချို့နဲ့ ပြုလုပ်ထားတဲ့ဗီဒီယိုဖိုင်ထဲမှာ မက်ဂွိုင်းယားက ပင်နယ်တီဧရိယာထဲမှာ အသင်းဖော်ကို လူကပ်ကစားတာ၊ ပြိုင်ဘက်တိုက်စစ်မှူးတွေရဲ့ လုပ်ချင်တိုင်းလုပ်တာခံရတာ၊ အန္တရာယ်ကြီးတဲ့ဖြတ်တင်ဘောတွေမှာ လုပ်မိလုပ်ရာ လျှောက်လုပ်နေတာ၊ ပီအက်စ်ဂျီနဲ့ပွဲမှာ ဂိုးပေါက်ကာကွယ်ရမယ့်အစား ဒူးချောင်ပြီး ပစ်လဲနေတာ စတဲ့အလွဲတွေအားလုံး ပါဝင်ခဲ့တာဖြစ်ပါတယ်။

၂ မိနစ်စာ ဗီဒီယိုလေးက ပေါင်သန်း ၈၀ ကုန်ကျခံခဲ့ရတဲ့ ကစားသမားတစ်ဦးဆီကနေ ဆန်းဒေးလိဂ်ကစားသမားတစ်ယောက်ရဲ့အကောင်းဆုံးပုံစံအချို့တောင် မရခဲ့တဲ့ ယူနိုက်တက်ကို လှောင်ပြောင်နေခဲ့သလို စမောလင်းနဲ့ မက်ဂွိုင်းယား ဘယ်နေရာမှာများ ကွာသွားလို့လဲဆိုတဲ့ မေးခွန်းတွေကို ပေါ်လာစေခဲ့တာဖြစ်ပါတယ်။ ယင်းဗီဒီယိုဖိုင်ကို တွစ်တာလူမှုကွန်ရက်မှာ နှစ်သက်သူပေါင်း ၁ သောင်းကျော်ရှိနေပြီး ပြန်လည်မျှဝေသူပေါင်းလည်း ၁၅၀၀ ကျော် ရှိနေခဲ့တာဖြစ်ပါတယ်။

မက်ဂွိုင်းယားရဲ့တလွဲဗီဒီယိုကို ကျိန်းသေနှစ်သက်မယ့်သူတစ်ဦးကတော့ စပါးကွင်းလယ်ကြယ်ပွင့်ဟောင်း ရာဖေးလ်ဗန်ဒါဗတ်ဖြစ်ပြီး လက်စတာစီးတီးနောက်ခံကစားသမားဟောင်းနဲ့ပတ်သက်ပြီး ခေါ်ယူသင့်တဲ့ကစားသမားမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သူဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ ဗန်ဒါဗတ်က မက်ဂွိုင်းယားဟာ ဆန်းဒေးလိဂ်က မြင်ဖူးသမျှနောက်ခံကစားသမားတွေထက် ဘာမှ ထူးပြီး ပိုကောင်းနေတာ မရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် တနင်္ဂနွေနေ့ဆို အပျော်တမ်းကလပ်အသင်းတွေကို ကြည့်ဖို့ သွားတဲ့အချိန်မှာ သူ့လို(မက်ဂွိုင်းယားကို ဆိုလို)ကစားနိုင်တဲ့ကစားသမား ၃ ယောက်လောက် တွေ့နိုင်ပါတယ်။ ကျွန်တော် ဆိုလိုချင်တာက အဲဒါပဲ။ အဲဒီလိုပြောတာက ရူးမိုက်သလိုဖြစ်မှာဆိုပေမယ့် သူ ဘယ်လိုနည်းနဲ့မှ အဲဒါကို ကြားမှာမဟုတ်ပါဘူး”

“ကျွန်တော်တို့ ဒီမှာ ပြောနေတာက ယူရိုသန်း ၉၀ တန် ကစားသမားခေါ်ယူမှုအကြောင်းပါ။ အဲဒါဆိုရင် ဗန်ဒိုက်က ယူရိုသန်း ၃၀၀ လောက်တန်ကြေးရှိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။