ရော်နယ်ဒိုနဲ့တွဲကစားရမယ့်အခွင့်အရေးကို ငြင်းခဲ့တဲ့ ယူနိုက်တက်ကြယ်ပွင့်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြီးခဲ့တဲ့နွေရာသီခေါ်ယူမှုဖြစ်တဲ့ ၀ါရင့်တိုက်စစ်မှူး ကာဗာနီဟာ အီတလီစီးရီးအေကို ပြန်သွားရမယ့်အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့အောက်တိုဘာလမှာ အိုးထရက်ဖို့ဒ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းမှာရှိတဲ့ ကာလတိုအတွင်း အကျိုးသက်ရောက်မှုရှိကြောင်း ပြသနေသူဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးဟာ ပရီးမီးယားလိင်္ဂမှာ ၆ ပွဲ ပါဝင်ကစားပေးထားခဲ့ပေမယ့်လည်း တစ်ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိထားခဲ့တာဖြစ်ပါတယ်။

ကာဗာနီဟာ အဲဗာတန်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံကနေ ဝင်ကစားပြီး ဂိုးသွင်းယူခဲ့ပြီးနောက် ဆေက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာလည်း ၂-၀ နဲ့ ရှုံးနိမ့်နေတဲ့ ယူနိုက်တက်အတွက် ၂ ဂိုးသွင်းယူပေးပြီး ၃-၂ နဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကာဗာနီဟာ ပီအက်စ်ဂျီအသင်းကို စွန့်ခွာခဲ့ပြီးနောက် အီတလီကို ပြန်သွားနိုင်တဲ့အခွင့်အရေးရခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ကာဗာနီဟာ ပါလာမို၊ နာပိုလီအသင်းတို့အတွက် ကစားပေးခဲ့ဖူးသူဖြစ်ပြီး ဂျူဗင်တပ်အသင်းကလည်း စာချုပ်ကမ်းလှမ်းခဲ့တာကြောင့် စီးရီးအေကို ပြန်သွားဖို့ အခွင့်အရေး ရရှိခဲ့သူဖြစ်ပါတယ်။

ကာဗာနီကို နာပိုလီအသင်းတုန်းက အချိန်တွေနဲ့ပတ်သက်ပြီး ပရိသတ်တွေအတွက် ဘာမှ ပြောစရာမရှိဘူးလား၊ ရှိလား မေးမြန်းခဲ့ရာမှာ ခုလိုပဲ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

“ကျေးဇူးတင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။ ကျွန်တော် သူတို့ကို အမြဲတမ်းကျေးဇူးတင်သွားမှာပါ။ အဲဒါက ကျွန်တော် ဂျူဗင်တပ်အပါအဝင် အီတလီကလပ်အသင်းအများအပြားကို ငြင်းပယ်ခဲ့ရတဲ့ အကြောင်းအရင်းပါ။ အင်တာလည်း ပါပါတယ်”

“ကျွန်တော် နာပိုလီပရိသတ်တွေကို ဒီလိုမျိုးတော့ မလုပ်နိုင်ပါဘူး။ နေပယ်အကြောင်း ကျွန်တော် တွေးမိရင် ကျွန်တော် ပျော်ရွှင်မှုကို တွေးမိပါတယ်။ ကျွန်တော် သူတို့အတွက် အများကြီးလုပ်ပေးခဲ့ပြီးပြီဆိုတာနဲ့ သူတို့တွေ ကျွန်တော့်ကို ဆက်ပြီး ဂုဏ်ပြုကြလိမ့်မယ်ဆိုတာ ကျွန်တော် သိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။