ပေါ့ဂ်ဘာရဲ့ စိတ်ရင်းအမှန်က အားလုံးထင်သလိုမဟုတ်ပါဘူးလို့ ကာကွယ်ခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ပေ့ါဂ်ဘာဟာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေကြီးထွားနေချိန်မှာ အိုးထရက်ဖို့ဒ်ကနေ မရမကထွက်ခွာဖို့ ကြိုးပမ်းသွားမှာမဟုတ်ဘဲ အသင်းအတွက် ကစားပေးဖို့ ဆန္ဒရှိနေဆဲဖြစ်တယ်လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ဂျူဗင်တပ်အသင်းကနေ ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ ပေါ့ဂ်ဘာဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲ ပါဝင်ကစားခွင့်ရရှိထားပြီး အကောင်းဆုံးစွမ်းဆောင်ရည်ပြသဖို့ ရုန်းကန်နေရတာကြောင့် ၅ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိထားတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာရဲ့အေးဂျင့် မိုင်နိုရွိုင်အိုလာက ယခုအပတ်မှာ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ မပျော်မရွှင်ဖြစ်နေပြီး လာမယ့် အပြောင်းအရွှေ့စျေးကွက်မှာ အပြောင်းအရွှေ့ပြုလုပ်သင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆိုးလ်ရှားက မိုင်နိုရွိုင်အိုလာရဲ့ ပြောကြားမှုကို ပြန်လည်တုံ့ပြန်ခဲ့ပြီး ပေါ့ဂ်ဘာဟာ အသင်းအတွက် အကောင်းဆုံးလုပ်ပေးနိုင်ဖို့အတွက်သာ အာရုံစိုက်နေခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပေါလ်က ပွဲကစားဖို့အတွက် ဆာလောင်နေပြီး ဆန္ဒပြင်းပြနေခဲ့တာပါ။ သူက လေ့ကျင့်ရေးပြုလုပ်ချင်ပြီး အခွင့်အရေးရတဲ့အချိန်မှာ စွမ်းဆောင်ပြနိုင်ဖို့ အာရုံစိုက်နေခဲ့ပါတယ်”

“တခြားကစားသမားတွေ လေ့ကျင့်ရေးပြုလုပ်ဖို့၊ ကစားဖို့ ငြင်းပယ်ခဲ့တာတွေရှိခဲ့ပြီး ဒီမှာ အဲဒီလို ကစားသမားတွေ မရှိတော့ပါဘူး။ ဒါပေမယ့် ပေါလ်က အဲဒီလို တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ သူ့မှာ အရည်အသွေးရှိပြီး သူ ပါဝင်ကစားတဲ့အချိန် အပေါင်းလက္ခဏာအကျိုးသက်ရောက်မှုမျိုး ရှိတဲ့အချိန်မှာ လိုက်ပ်ဇစ်နဲ့ပွဲမှာ သူ လုပ်ခဲ့သလိုမျိုး ကောင်းကောင်းလုပ်ပြချင်တဲ့ဆန္ဒရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။