ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာကို ဒါဘီပွဲမှာ ပေါက်ကွဲပေးမယ်ဆိုတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်က ပြီးခဲ့တဲ့အင်္ဂါနေ့နေ့က ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စိတ်ပျက်ဖွယ် ထွက်ခွာခဲ့ရမှုကို ယနေ့ည မန်စီးတီးနဲ့ပွဲမှာ တုံ့ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ပက်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းကို ဧည့်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အင်္ဂါနေ့က လိုက်ပ်ဇစ်အသင်းကို ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်တွင်းလိဂ်ပြိုင်ပွဲကို အာရုံထားနေပြီဖြစ်တဲ့ ယူနိုက်တက်က နောက်ဆုံး ၄ ပွဲမှာ ၄ ပွဲစလုံးအနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်တဲ့ ပရီးမီးယားလိဂ်ပုံစံကောင်းအတိုင်း ဆက်လက် တုံ့ပြန်နိုင်လိမ့်မယ်လို့ ဖာနန်ဒက်စ်က မျှော်လင့်နေတာဖြစ်ပါတယ်။

“ခင်ဗျား အဲဒီလို ရှုံးပွဲကနေ ပြန်လာနိုင်ဖို့အတွက် ဘယ်တော့မှ ပြီးပြည့်စုံတဲ့ပွဲကို ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျား ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီး အဲဒါက လက်ခံဖို့ ခက်ခဲလို့ပါ”

“ဘောလုံးမှာက ခင်ဗျား သိတဲ့အတိုင်းပဲ အဲဒီလိုပွဲ(ဒါဘီ)မျိုးကို အနိုင်ရရှိတဲ့အခါမှာ အတိတ်က သမိုင်းကြောင်းဖြစ်လာတာပဲ”

“အဲဒီတော့ ကျွန်တော့်အတွက်ကတော့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့ နာကျင်မှုက အကူအညီမဖြစ်ပါဘူး။ အသင်းမှာရှိနေတဲ့ လူတွေဖြစ်တဲ့ ပရိသတ်တွေအတွက်တော့ နိုင်ပွဲက လိုက်ပ်ဇစ်ကို ရှုံးပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာကို မေ့ဖျောက်နိုင်ဖို့အတွက် အကူအညီဖြစ်ပါလိမ့်မယ်”

“ဒါပေမယ့်လည်း ဟုတ်ပါတယ်။ ကျွန်တော်တို့ မန်ချက်စတာစီးတီးနဲ့ပွဲမှာ အနိုင်ရရှိတာက ကျွန်တော်တို့ ဆက်သွားဖို့အတွက် လိုအပ်နေတဲ့ အလှည့်အပြောင်းကို ပေးပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။