ဂျူဗင်တပ်ကို ပြောင်းလာပြီးမှ နောင်တရခဲ့တဲ့ အာသာမယ်လို

အာသာမယ်လိုဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ခဲ့ပီးနောက် ၂၀၁၉-၂၀၂၀ ရာသီကုန်တဲ့အထိ ဘာစီလိုနာအသင်းအတွက် ကစားပေးဖို့ ငြင်းပယ်ခဲ့တာကို နောင်တရမိခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

အာသာဟာ ပြီးခဲ့တဲ့ဇွန်လမှာ ယူရို ၇၂ သန်းနဲ့ စီးရီးအေထိပ်သီးအသင်းကြီးကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တာဖြစ်ပြီး ပီယာနစ်က ဂျူဗင်တပ်အသင်းကနေ ဘာစီလိုနာအသင်းကို ယူရိုသန်း ၆၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ စက်တင်ဘာလကုန်အထိ ဘာစီလိုနာကစားသမားအဖြစ်ရှိနေဆဲဖြစ်ပေမယ့် ကစားပေးဖို့ငြင်းပယ်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ အရှက်တကွဲနဲ့ ထွက်ခွာခဲ့ရတဲ့ အသင်းဖော်တွေကို ထိုင်ကြည့်နေခဲ့ရတာဖြစ်ပါတယ်။

ဂျူဗင်တပ်ကွင်းလယ်ကစားသမား အာသာက အခွင့်အရေးသာ နောက်ထပ်တစ်ကြိမ်ရခဲ့မယ်ဆိုရင် အဲဒီလိုမျိုး ပြုမူတော့မှာမဟုတ်ဘူးလို့ ဝန်ခံပြောကြားခဲ့ပေမယ့်လည်း ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့က ၎င်းရဲ့ ရွေးချယ်မှုဖြစ်ပြီး အသင်းက အတင်းရောင်းထုတ်လို့မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်မိသားစုနဲ့အတူ ဘယ်ဟာက ကျွန်တော့်အတွက်အကောင်းဆုံးဖြစ်မလဲဆိုတာကို ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် ရွေးချယ်မှု ပြုလုပ်ခဲ့တယ်။ ရွေးချယ်မှုက ကျွန်တော့်ရွေးချယ်မှုပါ။ ဘယ်သူမှ ကျွန်တော့်ကို ဘာမှ အတင်းအကြပ်လုပ်ခိုင်းလို့မရပါဘူး”

“ကျွန်တော် ပြုလုပ်ခဲ့တဲ့ ရွေးချယ်မှုနဲ့ပတ်သက်ပြီး အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော့်မိသားစုလည်း အရမ်းပျော်ရွှင်နေကြတယ်။ ကျွန်တော် ဘာစီလိုနာအသင်းကို ကျေးဇူးတင်ရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့တွေ့ ကျွန်တော့်အတွက် ဥရောပကို သွားမယ့်တံခါးကို ဖွင့်ပေးခဲ့လို့ပါ။ ကျွန်တော် အသင်းအပေါ်မှာ အများကြီး ချစ်မြတ်နိုးမှု ရှိပါတယ်”

“ကျွန်တော် တချို့အရာတွေကို ပြောင်းလဲနိုင်မယ်ဆိုရင် အဲဒီကိစ္စဖြစ်မယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး မှားကောင်းမှားခဲ့တယ်လို့ ထင်တဲ့အကြောင်းကို ပြောရမှာ မရှက်ပါဘူး”

“ဒါပေမယ့် ဝေဖန်ဖို့ အရမ်းခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ ကျွန်တော်နဲ့ ကျွန်တော့်မိသားစု ကြုံခဲ့ရတာကို မသိလို့ပါ။ ကွင်းထဲကကိစ္စတွေထက် နောက်ထပ်အများကြီး ရှိသေးတယ်။ ဖြစ်ပျက်နေတာတွေက အများကြီးရှိတယ်။ ဒါပေမယ့် အဲဒီအရာတွေက ဘဝမှာ ဖြစ်ပျက်နေတဲ့အရာတွေဖြစ်ပြီး ခင်ဗျား သင်ယူရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။