ဘုရားစူးလို့ ကျိန်ပြောရမယ့် ဒါဘီပွဲကြောင့် စိတ်ပျက်ခဲ့တဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စနေနေ့ည မန်ချက်စတာဒါဘီပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပြီး ရှားရှားပါးပါး ယူနိုက်တက်ရော စီးတီးပါ ပွဲမတိုင်မီ ထိပ်ဆုံးလေးနေရာမှာ ရှိမနေတာကို မြင်တွေ့ခဲ့ရပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ အိုးထရက်ဖို့ဒ်မှာ ဆာဂျီယိုအဂူရို မပါဝင်နိုင်မှုကြောင့် ရုန်းကန်ခဲ့ရပြီး မျှော်မှန်းထားတာထက်ကို ဘောလုံးပိုင်ဆိုင်မှုနည်းပါးခဲ့ပါတယ်။ အိမ်ရှင် မန်ချက်စတာယူနိုက်တက်ကတော့ အချိန်တော်တော်များများကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် တိကျပြတ်သားတဲ့အခွင့်အရေးမျိုးတော့ ဖန်တီးနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

၄၆ မိနစ်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ကိုင်လီဝေါ်ကာက ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ကနဦးမှာ ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပေမယ့်လည်း VAR က ရက်ရှ်ဖို့ဒ်ဟာ တိုက်စစ်စတင်ချိန်ကတည်းက လူကျွံနေခဲ့တယ်ဆိုတာ တွေ့ရှိခဲ့တဲ့အတွက် ဂိုးရရှိမယ့်အခွင့်အရေးလွဲချော်ခဲ့တာဖြစ်ပါတယ်။

Sky Sports အတွက် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း ရွိုင်ကိန်းက ၂ သင်းစလုံးဆီကနေ စိတ်ဆန္ဒပြင်းပြမှုမရှိခြင်းအပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး ပွဲအပြီး မက်ဂွိုင်းယားနဲ့ ဂျွန်စတုန်းတို့ ပွေ့ဖက်နေကြတာကို စိတ်မသက်မသာဖြစ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာကလည်း ယူနိုက်တက်လက်ထောက်နည်းပြ မိုက်ကယ်ကားရစ်နဲ့ ပွဲအပြီးမှာ ရင်းရင်းနှီးနှီး စကားလက်ဆုံကျနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

“ကျွန်တော်တို့ ဒါဘီပွဲမှာ အဝါကတ် ၂ ခုပဲ ရှိခဲ့တယ်။ ပွဲအပြီးမှာ ဒီလောက်များပြားတဲ့ ပွေ့ဖက်မှုတွေနဲ့ စကားစမြည်ပြောဆိုမှုမျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ အဲဒါက ဒါဘီပွဲလား”

“ကျွန်တော့်ခေါင်းကို ကုတ်ပြီး တကယ်စိတ်ပျက်မိခဲ့တယ်။ ခင်ဗျား ဘောလုံးပွဲကို အနိုင်ရရှိဖို့ နည်းလမ်းကို တွေ့အောင် ရှာရမှာပါ”

“ခင်ဗျား သရေလောက်နဲ့ ကျေနပ်နေလို့မရပါဘူး။ လူတွေက ‘အဲဒါ ဒါဘီပွဲ’လို့ ပြောကြပြီး ကျွန်တော် ဂျွန်စတုန်းပြောတာ နားထောင်လိုက်တော့ ‘အိုး ပေးဂိုးမရှိဘူး’နဲ့ တခြား ဘာညာသာရကာပေါ့ဗျာ”

“ပွဲအပြီးမှာ နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေက ပြုံးပြုံးလေးနဲ့ ပွေ့ဖက်ပြီး တစ်ယောက်နဲ့တစ်ယောက် စကားပြောရင်း ဥမင်လျှောက်လမ်းထဲ ဆင်းသွားကြတယ်။ ကျွန်တော် နားမလည်ဘူး။ အားလုံးက တစ်ယောက်နဲ့တစ်ယောက် ဘော်ဒါတွေဖြစ်ချင်နေပြီး ထင်ပေါ်ကျော်ကြားချင်နေကြတယ်။ ခင်ဗျား ဒီလိုအသင်းတွေအတွက် ကစားပေးနေတဲ့အချိန်မှာ အထူးသဖြင့် မန်ယူနိုက်တက်လိုအသင်းမျိုးအတွက် ကစားပေးနေတဲ့အချိန်မှာ ပွဲကို နိုင်အောင်ကစားဖို့ပဲလုပ်ရမှာ။ အားလုံးနဲ့ ဘော်ဒါတွေဖြစ်အောင် လုပ်ရမှာမဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။